အထိနာပြီးပြန်ဆုတ်လာတဲ့ စကစ သင်္ဘောတွေကို ကမ်းကပ်ခွင့်မပြုပဲ ဗန်းမော်ကို ပြန်ဆန်တက်ခိုင်း
–
ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေ မနေ့က ဒုတိယမြစ်ကျဥ်းရောက်ခါနီး တိုက်ခိုက်ခံရလို့ အထိနာပြီး ပြန်ဆုတ်ခဲ့ရကြောင်း သတင်းရရှိပါတယ်၊၊
ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော (၈) စီးဖြစ်ပြီး သင်္ဘောလုံခြုံရေးယူပေးတဲ့ လေယာဥ်ပေါ်ကနေ ပစ်ခတ်မှုကြောင့် ကားလမ်းပျက်စီးသလို အရပ်သားတစ်ဦးလည်း ဒဏ်ရာပြင်းထန်ရရှိကြောင်း သိရပါတယ်၊၊
တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများတယ်လို့ ရွှေကူသတင်းရင်းမြစ်က ပြောပါတယ်၊၊ ရွှေကူဘက်ပြန်စုန်ဆင်းသွားတဲ့ သင်္ဘောတွေကို အဝင်မခံပဲ ဗန်းမော်ဘက်ကို မရရအောင်ပြန်တက်ခိုင်းနေတယ်လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်၊၊
“သူတို့ ဇင်းဘုံကနေ (ရွှေကူနဲ့ ဗန်းမော်ကြား မြစ်ကျဥ်းအနီး) ကျော်လို့မရဘူး၊၊ တိုက်ခိုက်ခံရလို့ ပြန်စုန်သွားတာ သူတို့အထက်က ရွှေကူမှာ ကမ်းကပ်ခွင့်မပေးဘူးတဲ့၊၊”လို့ ရွှေကူသတင်းရင်းမြစ်က ပြောပါတယ်၊၊
အဆိုပါ စစ်ကောင်စီသင်္ဘောတွေဟာ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက လေကြောင်းနဲ့ လုံခြုံရေးယူပြီး မန္တလေးကနေ ဆန်တက်လာတာ ဖြစ်ပါတယ်၊၊