နောင်ချိုမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သီပေါမှာလည်း လေကြောင်းနဲ့ ဗုံးကြဲလို့ နေအိမ်များပျက်စီး၊ ပြည်သူတစ်ဦးသေဆုံး
–
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သီပေါမှာလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်လို့နေအိမ်တစ်လုံး မီးလောင်ကာ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
နောင်ချိုမြို့နယ် တောင်ခမ်းရွာ အနီးတဝိုက်၊ စစ်ကောင်စီတပ် အမတ (၃၅၄) တပ်စခန်း၊ (၉၀၂) တပ်စခန်းနဲ့ မကျီးရေရွာ အနီးတဝိုက်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့တယ်လို့ သိရပါတယ်။
မနေ့က မနက်ပိုင်းကနေ မွန်းလွဲ ၃ နာရီကျော်အထိ တိုက်ပွဲ (၄) ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
တောင်ခမ်းတပ်စခန်းဟာ ပြင်ဦးလွင်မြို့နဲ့ မိုင် ၂၀ သာဝေးပြီး တောင်ခမ်းကနေ ကျောက်ဂူ၊ ပြင်ဦးလွင်နဲ့ မန္တလေးဘက်ကိုသွားနိုင်တဲ့ လမ်းပေါက်ဖြစ်သလို ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုလည်း ဆက်သွယ်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် မနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ သီပေါမြို့အခြေစိုက် ခလရ – ၂၃ တပ်ရင်းကို TNLA က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က မနက် ၉ နာရီကနေ ၁၀ နာရီအထိ သီပေါမြို့ကို Y-12 နဲ့ ဗုံးအလုံး ၅၀ ကျော် ဆက်တိုက်ကြဲချခဲ့လို့ သီပေါမြို့အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာပြည်သူ့ဥယျာဉ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
လူနေအိမ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ၎င်းရပ်ကွက်က နေအိမ်တွေ ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီး သီပေါမြို့ ဇတ်ဇုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်းလည်း သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ကနေ နောင်ချိုဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေပြီး နောင်ချိုနဲ့ သီပေါမြို့မှာတော့ TNLA နဲ့ စစ်ကောင်စီတပ်တို့က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။