ထနောင်းဝန်းကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့လို့ ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာမို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသလို ပြည်သူတစ်ချို့လည်း ရွာထဲပိတ်မိနေကြတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
မနေ့ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ ရွှေဘိုမြို့ ခလရ (၄၂) မှ ထွက်လာတဲ့ စစ်ကောင်စီအင်အား (၈၀) လောက်ဟာ ရွှေဘိုမြို့ကနေ ထွက်လာပြီး ထနောင်းဝန်းရွာထဲကို ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာရာ ပြည်သူတွေထွက်မပြေးနိုင်ပဲ ပိတ်မိခဲ့တာကြောင့် ထိခိုက် သေဆုံးတာတွေ ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်၊ ပြည်သူသုံးပုံမှာ တစ်ပုံလောက် ရွာထဲမှာ ပိတ်မိနေတယ်။ ရွှေဘို ဘူတာရပ်ကွက်ကတဆင့် ထနောင်းဝန်းရွာထဲကို ရုတ်တရက် ဝင်လာတာ။ ထနောင်းဝန်းက ရွှေဘိုနဲ့ ကပ်လျက်ရွာဆိုတော့ ပြည်သူတစ်ချို့က ပြေးချိန်မရလိုက်ဘူး။”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် (၂၄) နှစ်အရွယ် မရီရီဆိုသူနဲ့ အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို အမျိုးသားတစ်ဦးရဲ့ အလောင်းကိုတော့ ရွာထဲမှာမို့ ထုတ်မရသေးတဲ့အပြင် စစ်ကောင်စီတပ်တွေ မထွက်သေးတာမို့ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
“ထနောင်းဝန်း ရွာထဲမှာ စခ (စကစ) တွေရှိနေလို့ သေတဲ့သူတစ်ယောက်ကို မထုတ်ခဲ့ရသေးဘူးပေါ့။ မိုးတွေကလည်း ရွာနေတော့ စစ်သားတွေကလည်း ရွာထဲကမထွက်သေးဘူး၊ သေဆုံးနဲ့ ဒဏ်ရာရတာတွေကို တိတိကျကျသိရဖို့ ခက်ခဲနေသေးတယ်။ လက်တလောတော့ ၂ ယောက်သေတာပဲ သိသေးတယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ထနောင်းဝန်းရွာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာအရှေ့ဘက်က စာသင်ကျောင်းမှာ လက်နက်ကြီးတပ်ဆင်နေပြီး ရွာထဲရှိ နေအိမ်တွေကနေ ပြည်သူတွေရဲ့ပစ္စည်းတွေကို ကားတွေနဲ့ သယ်ယူနေကြောင်းလည်း ပြောပါတယ်။