စစ်ကြီးက ဝါးမြိုသွားတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ
https://www.youtube.com/watch?v=KAjsj-N5GZk&pp=ygULa2FjaGlud2F2ZXM%3D
–
မြန်မာနိုင်ငံမှာ ယနေ့ထိတိုင်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအကြားမှာ အရပ်သားပြည်သူတွေဟာ ထိခိုက်နစ်နာမှုတွေ အများအပြား ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ စစ်လက်နက် ပစ္စည်းမျိုးစုံအသုံးပြု တိုက်ခိုက်နေကြတဲ့ စစ်ပွဲအတွင်းမှာ ကြောက်စရာအကောင်းဆုံးနဲ့ မျက်စိနဲ့မမြင်ရတဲ့ အန္တရာယ်အပေးနိုင်ဆုံး စစ်လက်နက်ကတော့ မြေမြုပ်မိုင်း ဖြစ်ပါတယ်။ ဒီမြေမြုပ်မိုင်းကို နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
အသက် ၈၅ နှစ်အရွယ် ဒေါ်မာဆာဟာ ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားနေချိန် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ မြေမြုပ်မိုင်း နင်းမိရာကနေ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ ဒေါ်မာဆာဟာ သူမအသက် ၇၂ နှစ်အရွယ်မှာ မြေမြုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သူမရဲ့သားဖြစ်သူက အခုလို ရှင်းပြပါတယ်။
“ခြေထောက် ဒဏ်ရာရတာက အိမ်မှာ ဝက်မွေးတော့ ဝက်စာကျွေးဖို့ အိမ်ဘေးနားမှာ ဝက်စာသွားယူတဲ့အချိန် ဒီကျွန်နော်တို့ KIA တွေ လုံခြုံရေးအရ ထောင်ထားတဲ့ (ဂျူဒီမိုင်း) မိုင်းနင်းမိပြီး ပေါက်ကွဲသွားတာ။ အဲ့လိုဖြစ်ပြီးတော့ KIA ဘက်က လာပြီးတော့ ကားနဲ့ဆေးရုံကို ပို့ဖို့လုပ်နေတဲ့အချိန်မှာပဲ ကျွန်တော်က ရောက်လာတယ်။ ကျွန်နော်က တောင်ယာက အိမ်နဲ့ဝေးတော့ အမေ့ကို ကားပေါ်မှာ တင်ဆောင်သွားတဲ့အချိန်မှာပဲ ကျွန်နော် ရောက်လာတယ်။”
သူမတို့ မိသားစုဟာ ယခင်က မြန်မာအစိုးရ ထိန်းချုပ်နယ်မြေ နမ်ဆန်ယန်ကျေးရွာမှာ နေထိုင်ခဲ့ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူတွေပါ။
“အဲ့ချိန်တုန်းကတော့ ရွာကနေ ထွက်ပြေးတိမ်းရှောင်တဲ့သူက ထွက်ပြေးနေကြပြီ။ ကျန်နေခဲ့တဲ့သူတွေက ကျန်နေပြီးတော့ အကုန်ဖရိုဖရဲဖြစ်နေပြီပေါ့။ ကျွန်နော်တို့က တောင်ယာလေး နည်းနည်းလုပ်ထားတော့ အဲ့တာ ရိတ်သိမ်းပြီးမှ တိမ်းရှောင်ဖို့ လုပ်နေတဲ့အချိန်မှာ အခုလိုဖြစ်သွားတာ။ အရင်စစ်ရှောင်နေတဲ့ သူတွေလည်း ရှိတော့ရှိနေပြီ၊ ကျွန်နော်တို့က ကားမရှိ၊ ဆိုင်ကယ် မရှိဆိုတော့ ကြန့်ကြာနေတဲ့ အချိန်မှာ ခုလိုမျိုး ဖြစ်သွားတာပေါ့။”
မိုင်းကြောင့် ဒေါ်မာဆာဟာ သူမရဲ့ ညာဘက်ခြေထောက် ဒူးအောက်ခြေသလုံးကနေ ဖြတ်တောက်ခဲ့ရပြီး စစ်ရှောင်စခန်းဆီကို ပြောင်းရွှေ့ခိုလှုံနေကာ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ မိုင်းတစ်လုံးကြောင့် ပြောင်းလဲသွားခဲ့ရတဲ့ ဘဝစာမျက်နှာတစ်ခု အကြောင်းကို ဒေါ်မာဆာရဲ့သားဖြစ်သူက ယခုလို ပြောပြပါတယ်။
“မိုင်းကိုတော့ မမြင်ဖူးဘူး။ ဒါပေမဲ့ မိုင်းထောင်လာမယ်ဆိုတာတော့ သိရတယ်။ ရွာအနီးအနားမှာရှိနေတဲ့ KIA ရဲဘော်တွေကိုတော့ ရွာအနီးအနားမှာ မိုင်းထောင်ရင်တော့ ပြောပြဖို့ ပြောထားတာ၊ သူတို့လည်း အသိပေးဖို့ မေ့သွားတဲ့အခါကျတော့ ခုလိုမျိုးဖြစ်လာတာပေါ့။ ဆေးကုသတဲ့ စာရိတ်ကိုတော့ KIA တွေပဲ တာဝန်ယူပြီး ကုပေးတာ ဟုတ်တယ်။ အမေ့ရဲ့ အခက်အခဲက ပြောမပြတတ်အောင် ဖြစ်သွားပြီပေါ့။ မိုင်းနင်းမိပြီး အစပိုင်းမှာတော့ မျက်စိနည်းနည်းပါးပါး မြင်သေးတယ်ဆိုတော့ သူတတ်နိုင်သလောက် သားအမိနှစ်ယောက်အတွက် ထမင်းချက်တာတွေ လုပ်နိုင်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်း မျက်စိအမြင်အာရုံ ကန်းသွားပြီး နားလည်းမကြားတော့ဘူးဆိုတော့ သူ့အတွက်လိုအပ်တာမှန်သမျှကို ကျွန်နော်တို့ လင်မယားနှစ်ယောက်ပဲ လုပ်ပေးနေရတာပေါ့။ ကောင်းကောင်း မကောင်းကောင်း သူ့သားနဲ့ ချွေးမ ချက်ကျွေးတာတွေကိုပဲ သူစားပြီး နှစ်သိမ့်နေရတာပေါ့။”
သူမဟာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့အပြင် ခြေထောက်တစ်ဖက်လည်း ဆုံးရှုံးထားရသူဖြစ်တဲ့အတွက် လှုပ်ရှားနိုင်ဖို့ အားမရှိတော့တာကြောင့် အလှူရှင်တွေ ကူညီပေးတဲ့ ခြေတုနဲ့ wheelchair တွေလည်း အသုံးမတည့်တော့ မိသားစုအတွင်း အခက်အခဲများစွာရှိနေတယ်လို့ သူမရဲ့ သားဖြစ်သူက ပြောပါတယ်။
“အမေ ခြေထောက် အခုလိုဖြစ်သွားတာကြောင့် ကျွန်တော်လည်း သူများတွေလို ဟိုသွားဒီသွား အလုပ်လိုက်လုပ်လို့ မရတော့ဘူး။ သူ့ကို နေ့ညမပြတ် ကြည့်နေရတာဆိုတော့ စီးပွားသွားရှာဖို့ အလုပ်အကိုင်မှာရော နောက်ကျကျန်နေတယ်။ အဲ့လိုမျိုးတွေ ဖြစ်နေတာပေါ့။”
အာဏာသိမ်းပြီး နောက်မှာတော့ စစ်ပွဲတွေဟာ မြို့ပြတွေအထိ ရောက်ရှိလာပြီး မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ပြည်သူတွေဟာ အာဏာရှင်စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်သွားပေမဲ့ မြေမြုပ်မိုင်း အန္တရာယ်ကတော့ ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။
“ကွက်ခိုင်စစ် စဖြစ်တာကတော့ ၂၀၂၃ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်း ၃ နာရီမှာစပြီးတော့ ပိုဖြစ်လာတာပေါ့။ အဲ့မနက်ပိုင်း အဲ့လိုဖြစ်လာ ကျနော်တို့လည်း အဖိုးအိမ်မှာ ခဏသွားခိုလှုံတာ။ ခိုလှုံပြီးတော့ ကွတ်ခိုင်မှာ တစ်ပတ်ကျော်လောက်ကြာတော့ စစ်ငြိမ်းသွားတော့ ကျနော်ကလည်း အိမ်ကိုခဏလေးပြန်လာတာ၊ လာကြည့်တာ လာကြည့်ရင်းနဲ့ အိမ်ဝန်းနားမှာလည်း ဗုံးတွေလာကျထားတော့ ကျနော်ကလည်း နည်းနည်း စပ်စုချင်တဲ့စိတ်နဲ့ အိမ်ပေါ်ဘက်ကိုတက်သွားတာ၊ အိမ်ပေါ်တွေရော ကျမလားဆိုတာ သိချင်လို့ တက်သွားတာ အဲ့တာတက်ရင်းနဲ့ လမ်းမှာနင်းမိတာ။”
ယခုလိုပြောပြနေတာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့တဲ့ ကွက်ခိုင်မြို့က အသက် ၁၆ နှစ်အရွယ် Grade 10 ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ သူတွေ့ကြုံခဲ့ရတဲ့ မြေမြုပ်မိုင်းအကြောင်းနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။
“(၂၀၂၄) ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကနော်က နင်းမိတဲ့အချိန်တော့ ကျနော်အထင်တော့ ဒီတစ်ယောက်ယောက်က မသင်္ကာလို့ ပစ်လိုက်တယ်လို့ ထင်တာ။ ဒါပေမဲ့ နောက်ပိုင်းတော့ ကျနော်အဲ့နားမှာ လမ်းနားမှာ ချိုင့်လေးနည်းနည်းတွေ့တော့ မြေမြုပ်မိုင်းဆိုတာ သိသွားတာ။ နင်းမိတဲ့အချိန်တော့ ကျနော်ကလည်း နာတော့မနာဘူး။ နင်းမိတဲ့ခြေထောက် နည်းနည်းထုံတယ်လို့ဘဲ ခံစားရတယ်။ ကျနော်ကလည်း အဲ့လိုထုံနေတာခံစားနေရတော့ ကျနော်က ဘာမှမဖြစ်ဘူးထင်ပြီး နောက်ပိုင်း ခြေထောက်ကို ပြန်ကြည့်လိုက်တော့ ထုံနေတဲ့ခြမ်းက ခြေထောက်ပြတ်သွားတာပေါ့။ ဒီခြေမျက်စိရှေ့ အောက်ပိုင်းဟာ ပြတ်သွားတာ။”
သူဟာ ဘောလုံးအားကစားကို ဝါသနာပါသူဖြစ်ပြီးတော့ မြေမြုပ်မိုင်းကြောင့် သူ့ရဲ့ဘဝဟာလည်း တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့ရပါပြီ။
“စိတ်ထဲမှာတော့ သိပ်မပြောတတ်ဘူး။ တစ်ခါတစ်လေ အသက်ရှင်ချင်စိတ် ပျောက်လာတယ်။ အရင်ကလိုတော့ မလုပ်နိုင်ဘူးပေါ့။ ဒါပေမယ့်လည်း အရမ်းကြီးခက်ခဲသွားတာတော့ မရှိပါဘူး။ ဒီခြေထောက် ဖြတ်ထားတဲ့အပိုင်းက ပြန်ကောင်းသွားရင် ခြေတုတပ်ပြီးတော့ ပြန်လုပ်လို့ရတယ်ဆိုတော့ ဘာမှတော့ သိပ်အခက်အခဲမရှိဘူး။ Grade 10 တန်းတက်နေတဲ့အချိန် စစ်ဖြစ်သွားတော့ ကျောင်းပိတ်သွားတာ။ အဲ့ဒါနဲ့ ပြန်မတက်ဖြစ်ဘူး။ ခြေထောက် မပြတ်ခင်တုန်းကတော့ ဘောလုံးသမား လုပ်ချင်တာပေါ့။ အခုခြေထောက် ပြတ်သွားတော့ ဘောလုံးသမား လုပ်လို့မရတော့ဘူး။ တစ်ခြားလုပ်ငန်းတစ်ခုခု လုပ်ဖို့အတွက် စဥ်းစားနေတယ်။”
မြေမြုပ်မိုင်း အန္တရာယ်နဲ့ပတ်သက်ပြီး သူ့လိုအဖြစ်ဆိုးမျိုး တစ်ခြားသူတွေကို မတွေ့ကြုံစေချင်တဲ့အတွက် စစ်ပွဲဖြစ်ပွားရာဒေသတွေမှာ သတိထားသွားလာနေထိုင်ကြဖို့ အခုလို အကြံပြုထားပါတယ်။
“ဒီမြေမြုပ်မိုင်းတွေက စစ်တပ်အခြေချတဲ့ စစ်တပ်ဝန်းကျင်မှာ အများပိုင်း ထောင်ထားတာ ဖြစ်တဲ့အတွက် ဒီစစ်တပ်ဝန်းကျင်ကို သိပ်မသွားဖို့ သတိထားပြီးတော့နေဖို့ ပြောချင်ပါတယ်။ မြေမြုပ်မိုင်းတွေက ခြုံတွေနားမှာ ထောင်ထားတာမဟုတ်ဘူး။ အများစုက ဒီလမ်းတွေမှာ ထောင်ထားတဲ့အတွက် လမ်းတွေကိုလည်း ဖြတ်သွားဖြတ်လာလုပ်ရင် အထူးဆင်ခြင်သတိထားပြီး သွားစေချင်တယ်။ မြေမြုပ်မိုင်း နင်းမိလို့ရှိရင်လည်း တတ်နိုင်သလောက် အကူအညီတောင်းပေါ့။ အကူအညီရောက်မလာခင်အထိ အားတင်းထားရမှာပေါ့။ အသက်မဆုံးရှုံးသေးလို့ရှိရင်လည်း သတိထားဆင်ခြင်ပြီး သွားလာစေချင်ပါတယ်။ ကြားဖူးသလောက် မြေမြုပ်မိုင်းတွေကို သူတို့က အပေါ်မှာ သစ်ရွက်ခြောက် မြက်ခြောက်တွေနဲ့ ဖုံးထားတယ်လို့ပြောတယ်။ အဲ့လိုနေရာတွေတွေ့ရင် ရှောင်သွားစေချင်တယ်။”
မြေမြုပ်မိုင်းတွေနည်းတူ စစ်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့ စစ်လက်နက် ပစ္စည်းတွေကလည်း အန္တရာယ်များလှ ပါတယ်။
အရပ်သားပြည်သူတွေအနေနဲ့ စစ်လက်နက် ပစ္စည်းများအကြောင်း ဗဟုသုတနည်းပါးကြတဲ့အတွက် ကိုင်တွယ်စူးစမ်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေအပြင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ ရပ်ကွက် (၂) မှာနေထိုင်သူ ဒေါ်ဇေယန်း ဟာ ရပ်ကွက် (၃) မှာရှိတဲ့ ဆေးရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။
အရပ်သားပြည်သူ အမျိုးသားတစ်ဦးက ဗုံးသီးတစ်လုံးကို ကောက်ယူခဲ့ရာမှစတင်ကာ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။
အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါ်ဇေယန်းက သူမတွေ့ကြုံခဲ့ရတာတွေကို အခုလိုပြောပါတယ်။
“ကျမက အလုပ်သွားလုပ်နေတဲ့အချိန်မှာ အမျိုးသားတစ်ယောက်က ဗုံးသီးကို သွားကောက်ပြီးမှ သူအိတ်ထောင်မှာ နှစ်ရက်ထည့်ထားတယ်။ ထည့်ထားပြီးမှ နောက်တစ်ရက်ကတော့ သူလည်းအလုပ်လုပ်ရင်းနဲ့ ဒေါ်ဇေယန်းတဲ့ တာဗုံးသီးတစ်နေရာမှာ ခဏထားပေး အဲ့လို ပြောတယ်။ အဲ့သလို ပြောပြီးမှ ကျမလည်း အလုပ်လုပ်ရင်းနဲ့ တစ်နေရာရာမှာ သွားထားထားတယ်။ အဲ့ဖြစ်တဲ့ရက်ကျတော့ အမျိုးသမီးတစ်ဘောက်က ကျည်ဆံတစ်လုံးပြန်သွားကောက်လာပြီးမှ ဒေါ်ဇေယန်းတဲ့ ဒါကျည်ဆံတစ်လုံး အဲ့သလိုပြောတော့ ကျမလည်း ဗုံးသီးဆိုတာလည်း မသိဘူး။ ဟိုမှာ ဟိုတစ်နေ့ ဦးသူရပြောတယ် ဟိုမှာ ဗုံးသီးဆိုပြီး ကျမသွားထားထားတယ်လို့ ပြောတော့ သူက အဲ့ဗုံးသီးကို သွားကောက်ယူပြီးမှ ကျမကို ပြောတယ်။ ဒေါ်ဇယန်း ဒါဗုံးသီးမဟုတ်ဘူး။ မီးသီးပဲ ဒါမျိုး ဗုံးသီးမဟုတ်ဘူး။ မီးသီးပဲ အဲ့လိုပြောတယ်။ သူက အဲ့နံရံမှာ သွားခြစ်ဖို့ သူကပြောတာ သွားမခြစ်နဲ့နော် ဗုံးသီးဆိုရင်တော့ သူများပြောတာ ပေါက်တတ်တယ်လို့ ပြောတယ်လို့ ပြောတော့ သူက မဟုတ်ဘူးတဲ့ ဒါမီးသီးပဲဆိုပြီးမှ သူက သွားခြစ်ဖို့ သွားရင်းနဲ့ ထွက်သွားတာ၊ ထွက်သွားတော့ သူကသွားခြစ်လိုက်တော့ သူလည်း ဗုံးသီးမှန်းတော့ မသိဘူးထင်တယ်။ သူက မီးခိုးထွက်လာတော့ သူက ကျမဘက်ကို ပစ်လိုက်တယ်။ ပစ်လိုက်တော့ ကျမက ဗိုက်လည်းထိတယ်။ ခြေထောက်လည်း ထိတယ်။ ဒီပေါင်တွေမှာလည်း ထိတယ်။ တစ်ကိုယ်လုံးပေါ့။ ခေါင်းတွေ ပါးတွေမှာလည်း ထိတယ်။”
ဒေါ်ဇေယန်းရဲ့ ခန္ဓာကိုယ်အနှံ့ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူမဘဝဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
“ဗိုက်က သုံးခါခွဲတယ်။ ခြေထောက်မှာတော့ စတီးထည့်ထားတယ်။ အဲ့သလိုပဲ ကျမမှာ အခက်အခဲက အများကြီး ရှိတယ်နော်။ ကိုယ်က ပိုက်ဆံလည်း မရှိဘူး။ မိသားစုမှာလည်း ယောကျ်ားလည်း မရှိတော့ဘူး။ ယောက်ခမလည်း မရှိတော့ဘူး။ သားတစ်ယောက်ပဲ ရှိတာလည်း ဆုံးသွားပြီ။”
မြေမြုပ်မိုင်းရဲ့ သားကောင်ဖြစ်ခဲ့ရသူ နောက်တစ်ယောက်ကတော့ မိုးကောင်းမြို့နယ် ကျေးရွာတစ်ရွာက အသက် ၆၀ နှစ်ကျော် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ သူဟာမြေမြုပ်မိုင်းကို နှစ်ကြိမ်တိုင်တိုင် နင်းမိခဲ့တာဖြစ်ပြီးတော့ သူတွေ့ကြုံခဲ့ရတာတွေကို အခုလို ပြောပါတယ်။
“မှန်ပါတယ်။ ဒုတိယ အကြိမ် နင်မိတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ကျနော့် မိတ်ဆွေးတစ်ဦးက ဆေးမြစ်ရှာပေးပါဆိုပြီးမှ တောင်ပေါ်ကို သွားတဲ့အခါ ဖြစ်တယ်။ အဲဒီနေ့ ကျနော့်သားက အရင်ထွက်သွားတာ။ ကျနော်က နေ့လယ်လောက်မှာ (အိမ်ကနေ) ထွက်သွားတာ။ ဆေးမြစ်သွားရှာတဲ့အခါ ဆေးမြစ်မတွေ့လို့ ပြန်ခေါက်ခဲ့တာ။ အဲပြန်ခေါက်ခဲ့တဲ့အခါ သွားနင်းမိလို့ ခြေထောက်ပြန်သွားတာ၊ ဒဏ်ရာရသွားတာ။”
မြေမြုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့သူအနေနဲ့ သူ့ဘဝရဲ့ ခက်ခဲမှုတွေကို အခုလို ပြောပြပါတယ်။
“ဆေးရုံကနေ ဆင်ခဲ့ပြီးမှ တစ်လပြည့်တာနဲ့ ဆေးရုံပြန်ပြပါဆိုပြီးမှ စာရေးထားပေးတာ၊ အဲ့တာ အိမ်ရောက်ခဲ့တဲ့အခါကျတော့ အခက်အခဲတွေက အများကြီး နောက်ပြီးတော့ ကိုယ်ကလည်း မကျန်းမာ ဖြစ်တဲ့ အခါကျတော့ အဲ့ဒီဆေးရုံပြန်ပြရမယ့် နေ့ရက်မှာ ဆေးရုံပြန်မပြနိုင်ဘူး။ နောက်ပြီးတော့ ဒီရွာမှာရှိတဲ့ ဆေးခန်းတွေမှာလည်း အိမ်မှာ ဆိုင်ကယ်လည်း မရှိ၊ ပတ်ဝန်းကျင်က ဆိုင်ကယ်ငှားဖို့လည်း အခက်အခဲဖြစ်၊ ငွေရေးကြေးရေးကလည်း ခက်ဆိုတော့ အခုလက်ရှိတော့ ဒီတိုင်းပဲ ခံနေရတယ်။”
Kachin Waves ရဲ့ သတင်းစောင့်ကြည့်မှတ်တမ်းအရ ရှမ်းပြည်နယ်မြောက်ပိုင်း လွတ်မြောက်နယ်မြေက မြို့တွေမှာ ယခုနှစ် မတ်လကနေ ဇူလိုင်လအထိ (၅) လတာအတွင်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးသူ (၅) ဦးနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ဆုံးရှုံးခဲ့ရသူတွေ (၂၈) ဦး အနည်းဆုံးရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။
နှစ်စဉ်နှစ်တိုင်း ဧပြီလ ၄ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် အကူအညီပေးရေးနေ့ ဖြစ်ပါတယ်။
ယူနီဆက်ဖ်ရဲ့ မြေမြုပ်မိုင်း စောင့်ကြည့်ရေး အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်မှာ ၂၀၂၂ ခုနှစ်နဲ့ ယှဥ်ကြည့်ရင် မြေမြုပ်မိုင်းကြောင့်ဖြစ်တဲ့ သေဆုံးဒဏ်ရာရမှုတွေဟာ ၂၇၀ ရာခိုင်နှုန်းတိုးလာတာကို တွေ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေထဲက အသေအပျောက် ဖြစ်တဲ့သူတွေထဲမှာ ကလေးအများအပြား ပါဝင်ပါတယ်။ ကလေးတွေအပါအဝင် လူ့အသက်တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ မြေမြုပ်မိုင်းလို လက်နက်တွေ အသုံးပြုနေတာကို အဆုံးသတ်ဖို့ အရေးကြီးပါတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်ထားပါတယ်။