ဖားကန့်မြို့တွင်းထိ တိုက်ပွဲဖြစ်ပွားလာ
–
ဖားကန့်မြို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေတဲ့အပြင် ဒီကနေ့ညပိုင်း မြို့တွင်းရပ်ကွက်မှာပါ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ညဦးပိုင်း ၇ နာရီဝန်းကျင် ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မြို့မရပ်ကွက်ဘက်ကနေ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်ခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဖားကန့်မြို့ထဲဘက်မှာပါ ပစ်နေကြပြီ။ ဒရုန်းကိုလိုက် ပစ်တာပါ၊၊”လို့ပြောပါတယ်၊၊
အခြား ဖားကန့် ဒေသခံတစ်ဦးကတော့ မြို့တွင်းမှာပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ဗျူဟာကုန်းကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA အဖွဲ့က တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အင်တာနက်နဲ့ ဖုန်းလိုင်းပြတ်တောက်မှုကြောင့် ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်အခြေအနေကို Kachinwaves က သီးခြားအတည်မပြုနိုင်သေးပါဘူး။
မနေ့ကတိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ဆိုင်းတောင်-လုံးခင်း လမ်းဟောင်း ဂျန်ကပ်ရွာဘက်မှာလည်း ဒီနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။
ဖားကန့်ဗျူဟာကနေ လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်လို့ ဖားကန့်ဒေသခံတွေထံက သိရပါတယ်။
ဖားကန့်ဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂျန်ကပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် မနေ့က မွန်းလွဲပိုင်းကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွါးနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးရာနေရာနဲ့နီးတဲ့ မြို့စွန်ရပ်ကွက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။