စစ်ခေါင်းဆောင်၏ ခရီးစဉ်အပြီး ရှမ်းပြည်နယ်တွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု များလာ
–
စစ်ကောင်စီဥက္ကဌက တောင်ကြီးမြို့သို့ လာရောက်ကာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့ပြီး၊ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် ရှမ်းပြည်နယ်အတွင်း လေယာဉ်ဗုံးကြဲမှုနှင့် လက်နက်ကြီး တိုက်ခိုက်မှု ဆက်တိုက်ရှိလာ၍ ကလေးများအပါအဝင် အရပ်သားများ သေဆုံးမှု ဆက်တိုက်ရှိလာကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ ညစျေးအနီးရှိ ပြည်သူ့နေအိမ်များသို့ ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး ၂ လုံး ကြဲချခဲ့၍ အရပ်သား (၁၁) ဦးသေဆုံးပြီး (၁၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန် ထားသည်။ သေဆုံးဒဏ်ရာရရှိသူများထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ကြောင်းလည်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၅ ရက်နေ့ညတွင် နောင်ချိုမြို့နယ်ထဲက ရွှေမုဌောရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့၍ စက်တင်ဘာ ၃ ရက်နေ့တွင်လည်း မဲပုတ်ရွာထဲ တာဝေးပစ်အမြောက် ကျရောက်ခဲ့သလို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သျှမ်းသတင်းနှင့် အခြားသတင်းမီဒီယာများကလည်း ဖော်ပြထားသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင်လည်း သီပေါမြို့နယ် ကျောင်းပြိန်းရွာ၌ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စက်တင်ဘာလ (၃) ရက်နေ့တွင် မန်တုံမြို့အားလည်းကောင်း၊ စက်တင်ဘာလ (၄) ရက်နေ့တွင် သီပေါမြို့အားလည်းကောင်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး (၁) ဦးသေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။”ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များတွင် အရပ်သားပစ်မှတ်များကို ဦးတည်ကာ လူအများအပြား သေစေနိုင်သည့် ပေါင် (၅၀၀) ဗုံးဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း PSLF/TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီဥက္ကဌက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် “လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦးများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦးများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ် စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံး”နေသည်ဟု စွပ်စွဲခဲ့သည်။
စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့တွင် ညီနောင်မဟမိတ် (၃) ဖွဲ့ဖြစ်သည့် AA၊ MNDAA၊ TNLA အဖွဲ့တို့ကို “အကြမ်းဖက်အုပ်စု”အဖြစ်ကြေညာခဲ့ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း စက်တင်ဘာ ၃ ရက်နေ့တွင် အထက်ပါအတိုင်း စွပ်စွဲပြောဆိုခဲ့ပြီးနောက် နေရာအနှံ့လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် ကလေးများအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု များလာသည်ကို တွေ့ရသည်။