စစ်ကောင်စီသင်္ဘော ကသာကနေ ကချင်ပြည်နယ်ဘက်သို့ ဦးတည်ထွက်ခွာ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိ
–
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့၊ သဖန်းကိုင်းရွာမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော (၅) စီးဟာ ဒီနေ့ စက်တင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီလောက်မှာ အထက်ဘက်သို့ ဆန်တက်သွားပြီး လက်ရှိ ကချင်ပြည်နယ်ထဲကို ရောက်ရှိတော့မယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်သင်္ဘောထွက်ချိန် လေယာဉ် (၈) စီးနဲ့ လုံခြုံရေးယူကာ သင်္ဘောပေါ်နဲ့ လေကြောင်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိရွာတွေ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသလို လေကြောင်းကပစ်တဲ့ လက်နက်ကြီးကြောင့် မိုးတားလေးကျေးရွာက သရက်ပင်ဘုန်းကြီးကျောင်း မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဉ်က တစ်စီးပြီးမှ တစ်စီးလာပစ်တာပေါ့။ သင်္ဘောဆန်တက်ကတည်းက လေယာဉ်နဲ့ စပစ်တော့တာ။ ကသာအထက် မြစ်ဘေးရွာ တော်တော်များများ ထိခိုက်မိကြတယ်။ မိုးတားလေး သရက်ပင်ကျောင်းက ဘုန်းကြီးအခန်းကိုကျပြီး မီးလောင်သွားတာနဲ့ အုတ်ခုံနည်းနည်း ထိသွားတာပဲရှိတာ၊ မီးလောင်တာကိုလည်း ရွာသားတွေငြိမ်းလိုက်နိုင်တယ်။ ဆင်ကုန်တိုင်က အိမ်တစ်အိမ် အမိုးလေးပဲ အပေါက်ကလေး ဖြစ်သွားတာပဲရှိတာ၊ ကျန်တာဘာမှ မထိခိုက်ဘူး။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ စစ်သင်္ဘောကပစ်တဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းကပစ်တဲ့ လက်နက်ကြီးတွေကြောင့် မင်းလယ်ရွာ၊ နကူးရွာ၊ ပလက်ရွှေ၊ ကျောက်ထုံးကြီး၊ မိုးတားလေး စတဲ့ကျေးရွာ နေရာတော်တော်များများမှာရှိတဲ့ ပြည်သူတွေ ရှောင်တိမ်းခဲ့ရတယ်လို့လည်း ပြောပါတယ်။
မန္တလေးကနေ ဩဂုတ်လ ၂၈ ရက်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်လက်နက်ပစ္စည်း၊ ရိက္ခာနဲ့ စစ်ကူတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘော (၅) စီးဟာ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကသာမြို့ကို စက်တင်ဘာ ၂ ရက်နေ့မှာ ရောက်ရှိကာ ကသာမှာ (၂) ညအိပ်ပြီး လက်နက်ခဲယမ်းတွေ ချထားခဲ့တယ်လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။
ကသာမြို့ကို မဆိုက်ရောက်ခင် စက်တင်ဘာ ၁ ရက်နေ့မှာ ထီးချိုင့်မြို့ ပန်းဝါဆိပ်ကမ်းကို ဆိုက်ရောက်ပြီး တစ်ညအိပ်ရပ်နားကာ စစ်အင်အား ၁၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ ချထားခဲ့သေးတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်သင်္ဘော (၅) စီးကို လုံခြုံရေးယူဖို့ လိုက်ပါလာတဲ့ လေယာဉ်တွေနဲ့ သင်္ဘောပေါ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ပြည်သူ (၉) ဦးသေဆုံးခဲ့ပြီး ကသာမှာလည်း ပြည်သူ (၂) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အဆုံးက မိုးတားလေးရွာကို ဖြတ်ကျော်ပြီးနောက် ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲကို ဝင်ရောက်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။