ကရင် တော်လှန်ရေး အစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၇)
–
▪︎ ရန်သူဗိုလ်မှူးကြီးမောင်မောင်တို့ကို ကရင် လက်နက်ချသမားများ ကော်သူလေး ထောင်မှ လာကယ်ထုတ်ရန် စီစဉ်ပုံ
မိတ္ထီလာတွင် ဖမ်းမိသော ဗိုလ်မှူးကြီး မောင်မောင်နှင့် အပေါင်းပါတို့ကို တောင်ငူကျပြီး ရေတိုးကြီးကိုပို့ထားသည်။ တပ်မဟာ (၂) ပြန်လည်ဖွဲ့စည်းပြီး၊ (၁) တပ်ရင်း – ၁ – ကရင်ချောင်း၊ (၂) တပ်ရင်း – ၂ – ထန်းတပြင်နယ်မြေ၊ (၃) တပ်ရင်း – ၃ – တောင်ငူ၊ မော်ချီးကားလမ်းဟူ၍ နယ်မြေခွဲထားသည်။ တပ်ရင်း (၁) မှ တပ်သား (၆) ယောက် ရန်သူထံလက်နက်ချသည်။ ၎င်း (၆) ယောက်ကို ထောင်ဖောက်ရန် လွှတ်လိုက်ကြောင်း တောင်ငူကျချိန် တောင်ငူတွင် ကျန်ရစ်ခဲ့သော မော်တိုဆိုသူသည် ဒီအကြောင်းကို သိလျှင်ပြန်လာပြီး သတင်းပေးသည်။
တစ်ညတွင် ကျွန်တော်တို့ (၇) မိုင်တွင် စခန်းချစဉ် (ည – ၁) နာရီတွင် တပ်မဟာ တယ်လီဖုန်းလာသည်။ အဆင်သင့်လုပ်ထားရန် အကြောင်းကြားပြီး မကြာခင် တပ်မဟာမှ ဂျစ်ကားတစ်စီး လာသည်။ ထိုအချိန် ရေတိုးကြီးထောင် ဖောက်နေသည်။ ထို့ကြောင့် သောက်ရေခပ်ချောင်းတံတားတွင် သွားစောင့်ရန် အမိန့်ရ၍ စောင့်သည်။ ထောင်ဖောက်ခေါင်းဆောင် လုပ်သူသည် ၎င်းထောင်ဖောက်ဖွင့်နေစဉ် ထောင်ဖောက်သမားများကို လမ်းပြရွာသားက စတင်းဂန်းသေနတ်နှင့် ပစ်သဖြင့် ကျဆုံးသည်။ တိုက်ပွဲဖြစ်ပွားရာ ခြောက်ဦးထဲမှတစ်ဦး ပြန်လွတ်သွားသည်။ ထောင်ထဲမှ ထောင်သားအချို့သေ၍ ဗိုလ်မှူးကြီး မောင်မောင်နှင့် ဗိုလ်မှူးနှစ်ယောက် အခြားဗိုလ်ကြီးများကို ပြန်ဖမ်းမိသည်။ ရန်သူ ဗိုလ်မှူးဒေါစိန် အပါအဝင် ကျဆုံးသည်။ နောက်တွင် ပြန်ဖမ်းမိသော ထောင်သားများကို ဘောဂလိသို့ ပြန်ထားသည်။ သတင်းလာပေးသော သာမော်တိုးကိုဖမ်းပြီး အချုပ်ထဲထည့်ထားသည်။ ထိုအချိန် ဖမ်းမိပြီဆိုလျှင် သိပ်မလွယ်ပေ။ ထို့ကြောင့် ရန်သူဘက် ထွက်ပြေးပြန်သည်။ ထိုသာမော်တိုးသည် တောင်ငူပြန်ရောက်သောအခါ ရန်သူများက ၎င်းကိုပြန်သုံးသည်။ ဘောဂလိတွင် ဖမ်းမိထားသော ဗိုလ်မှူးကြီး မောင်မောင်တို့ကို ပြန်ကယ်တင်ရန် ဖြစ်သည်။ ထိုအချိန် မိုးတွင်းဖြစ်၍ မည်သူမျှ ရန်သူအလုံးအရင်းနှင့် တိုက်ပွဲဝင်မည်ကို မထင်မှတ်ကြသဖြင့် ဂရုမစိုက် ပေါ့ပေါ့လျော့လျော့ နေကြသည်။ သို့သော် ရန်သူများသည် တောလမ်းမှဖော်ပြပါ သာမော်တိုး လမ်းပြပြီး ဘောဂလိသို့ တက်သွားသည်။ ကရင်များ၏ ခံစစ်ကြောင်းကို အယောင်ဝင်ပြပြီး နောက်ပိုင်း တောလမ်းဘက် ချီတက်လာသည်။ ၎င်းချီတက်လာသော ရန်သူများသည် အင်အား (၅၀) သာရှိကြောင်း၊ ကရင်ချောင်း တပ်ရင်း (၁) မှ သတင်းပေးသည်။ ၎င်း (၅၀) ကို ရင်ဆိုင်ရန်အတွက် ကချင်နှင့်ကရင်တပ်တို့ သောက်ရေခပ်ချောင်း ပလဲဝတံတားတွင် စောင့်နေသည်။ နံနက်မိုးမလင်းခင် ရန်သူများ စစ်ကြောင်း ၃ ကြောင်းခွဲ၍ တက်လာသည်။ ကားလမ်းအတိုင်း တံတားသို့တစ်ကြောင်း၊ တောင်ပေါ်မှ တံတားသို့တစ်ကြောင်း၊ တစ်ကြောင်းသည် တံတားမှ တစ်မိုင်ခန့်ဝေးသောနေရာမှ ဖေါင်နှင့်ကူးပြီး နောက်ကြောင်းမှ ပိတ်ရန်ဖြစ်သည်။ နောက်ကြောင်း ဖျက်ရန်လာသော ရန်သူများ မိမိတို့နောက်ကြောင်း ပိတ်မိရန် အနည်းငယ်သာ လိုတော့သည်။ အကယ်၍ နောက်ကြောင်း ကားလမ်းကို ရန်သူပိတ်မိလျှင် တပ်များ ဆုတ်ရန်လမ်း မရှိတော့ပေ။ ကျွန်တော်ကိုယ်တိုင်လည်း ရန်သူမိရန် အနည်းငယ်သာ လိုတော့သည်။ ကချင်ဗိုလ်မိတုံဆင်က ကျွန်တော့်ကို ကယ်လိုက်သည်။ တိုက်ပွဲတွင် ကချင်တစ်ယောက် ဒဏ်ရာနှင့် ရန်သူမိသွားသည်။ သို့သော် သူတို့ကောင်းမွန်စွာခေါ်သွားသည်။ ထိုနေရာမှ ကားလမ်းအတိုင်း ပြန်ဆုတ်ရန် မော်ဖါးဒေးကို ပြန်ခံရန်ဖြစ်သော်လည်း ရန်သူဖက်မှ လမ်းပြသာမော်တိုး အထက်လမ်းမှခေါ်သွားပြီး ဘောဂလိကို ဝင်တိုက်၍ ဗိုလ်မှူးကြီး မောင်မောင် တို့ကို ကယ်၍ရရချင်း ဘောဂလိမှ ပလဲဝတံတားသို့ ချက်ချင်းပြန်ဆုတ်သွားသည်။ ပလဲဝတံတားတွင် ၃ ရက်နေပြီး သောက်ရေခပ်ချောင်း ကမ်းအတိုင်း လမ်းပြသာမောင်တိုးမှ တောင်ငူဘက်သို့ ခေါ်သွားသည်။
၎င်းရန်သူများကို ကရင် စစ်သား၊ တောင်ငူမော်ချီးလမ်း မိုင်(၂၀)တွင် လမ်းပိတ်သည်။ သို့သော်ရန်သူများ ကားလမ်းအတိုင်းမပြန်ပဲ ချောင်းအတိုင်း ပြန်သွားသည်။ တောင်ငူသို့ ရန်သူများ ချောမောစွာ ပြန်ရောက်သွားသည်။ ထိုရန်သူ အင်းအား (၅၀၀) ဖြစ်၍ ချင်းတပ်နှင့် သေနတ်ကိုင်တပ်ရင်း (၆) တို့ဖြစ်သည်။ ထို့နောက် တစ်လကြာသောအခါ အံ့ဩဘွယ်ဖြစ်ရပ်တစ်ခု ပေါ်လာသည်။ ဤပြဿနာသည် တပ်ရင်း (၁) မှ အကွက်ဆင်မှုဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကာလ၊ ၁၉၅၁ ခုနှစ် ကုန်းဆုံးသွား၍ ရန်သူများ စစ်ဆင်ရေး ပြင်ဆင်ပြန်သည်။ ၁၉၅၃ ဇန်နဝါရီလ (၃) ရက်နေ့မှစ၍ ထိုးစစ်ဆင်ရာ (၇) မိုင်၊ (၁၃) မိုင်၊ သံတောင်၊ ပလဲဝတံတား၊ ဘောဂလိကြီး ရန်သူလက်အောက် ကျရောက်ကုန်သည်။ ထို့အချိန် ကျွန်တော်နှင့် ဗိုလ်မှူးအောင်ဘွဲ့ ရွာသစ်၊ မော်ချီ – တောင်ငူ ကားလမ်းနှင့် (၄) မိုင်ခန့်တွင် တပ်အင်အား (၃၀၀) ဖြင့် စခန်းချနေသည်။ ကားလမ်းကို ထိုးစစ်ဆင်ရန် တပ်ရင်း (၁) သို့ ယမ်းသီးနှင့် လူအကူအညီတောင်းသည်။ ၎င်းတို့ ရန်သူများနှင့် ပူးပေါင်းရန်စီစဉ်ထားခြင်းကို ကျွန်တော်တို့ မသိချေ။ ထုံးဘိုသူကြီး ဗမာအမျိုးသားမှ ညသန်းခေါင်ယံချိန် လာပြောမှသိရသည်။ ကျွန်တော်တို့ စာနပ်ရိက္ခာပြတ်သည့်အတွက် ရွာသစ်မှဆုတ်ပေးလိုက်သည်။ ရန်သူများ အသေခံပြန်တိုက်ကြသဖြင့် ရန်သူလက်သို့ ပြန်မကျသောမြို့ မရှိသလောက် ဖြစ်သွားသည်။
မိမိတို့လူများ ရန်သူနှင့်ဆက်သွယ်ပြီး လမ်းပြသဖြင့် ကျဆုံးသောနေရာသာ များသည်။ ၎င်းလူများ အခုထိရှိကြသေးသည်။ (SECOND KAREN) မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့ ရန်သူထံ လက်နက်ချပုံမှာ ရန်ကုန် အင်စိန်သို့ ပြည်မြို့မှ ချီတက်ရာတွင် အိမ်ထောင်သည်နှင့် မိန်းမ၊ ကလေးများပါ အင်းစိန်သို့ တစ်တပ်လုံး အကူအညီအတွက် သွားကြသည်။ အိမ်ထောင်သည်နှင့် မိန်းမ၊ ကလေးများကို တောင်ငူသို့ပိုထားရန် အထက်မှပြောသော်လည်း နားမထောင်ခဲ့ချေ။ ချီတက်ရာတွင် နတ်တလင်းသို့ ရောက်သောအခါ ရန်သူများ အပြင်းအထန်း ခုခံရုံသာမက လေတပ်ပါ တိုက်ကူသည့်အတွက် ကျဆုံးထိခိုက်ဒဏ်ရာရသူများသည်၊ မိန်းမ၊ ကလေးများ ဖရိုဖရဲ ဖြစ်ကုန်သည်။ ထို့ကြောင့် လက်နက်ခဲယမ်းမီးကျောက် မော်တော်ကားနှင့် အိမ်ထောင်သည် ပစ္စည်းများချန်ထားပြီး အချို့ခြေလျှင်နှင့် နတ်တလင်းမှ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး တောင်ငူဘက် ရောက်လာကြသည်။ လက်နက်ကြီးများ အမြောက်နှစ်လက်နှင့် ၃ လက်မ စိန်ပြောင်းများ ခဲယမ်းမီးကျောက်များ ချန်ထားခဲ့သည်။ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် လူနာများ၊ အချို့တပ်သားများ လက်နက်ချကြသည်။ ထိုနည်းတူစွာ မန္တလေးမြို့တွင်ရှိသော ကရင်လက်နက်ကိုင်တပ်ရင်း (၃) သည်လည်း ခုခံမည်ဆိုပါက ကလေးနှင့် မိန်းမများကို သက်ညှာသည့်အတွက် လက်နက်ငယ် ခဲယမ်းမီးကျောက်များကို အသာလေးပေးလိုက်ရသည်။ ဤဖြစ်ရပ်သည် မဖြစ်သင့်သော ပြဿနာဖြစ်သည်။ ထို့ကြောင့် မေမြို့သို့ ပို့ဆောင်ချုပ်နှောင်ခံရသည်။ ရန်သူများကို ပေးလိုက်သော ခဲယမ်းမီးကျောက်ဖြင့် မိမိတို့ကို ပြန်လည်ပစ်ခတ်တော့သည်။ ဤကဲ့သို့ ဖြစ်လာခြင်းသည် အလွန်ဝမ်းနည်းစရာ ကောင်းသည်။ ထိုအချိန်တွင် လေတပ်၊ ကြည်းတပ်၊ ရေတပ်တွင် ကရင်ခေါင်းဆောင်များ ကြီးကြပ်အုပ်ချုပ်သည်။ သို့သော် မိမိကိုယ်ကိုအထင်ကြီးပြီး အခြားသူများကို အထင်သေးခြင်းကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်မင်းမောင်တစ်ခါက ပြောဖူးသည်၊ ၁၉၄၉ ခုနှစ် ရန်ကုန် သိမ်းမရတာတောင် ကောင်းတယ်။ အကယ်၍ သိမ်းရလျှင် အချင်းချင်း ရန်ပွဲဖြစ်ပြီး၊ အခြားနိုင်ငံခြားသားများရှေ့တွင် အရှက်တကွဲဖြစ်ကုန်မည်ဟု ပြောဖူးသည်။ မှန်ပါသည် ထိုအချိန်ကာလက စည်းကမ်းသေဝပ်မှုမရှိ ညောင်လေးပင် သိမ်းရသောအခါ ရဲဘော်များ တစ်အိမ်ပေါ်တက် တစ်အိမ်ဆင်း၍ ပစ္စည်းလုကြသည်။ မကောင်းသော အလုပ်လုပ်လျှင် ဘုရားသခင်လည်း မကြိုက်၊ လူလည်း မကြိုက်ချေ။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေ စည်းကမ်းရှိရှိနှင့် ရှေ့ကို လုပ်ဆောင် သွားကြပါစို့။
အောင်ပွဲအလီလီရရှိပါစေ၊
ဘန်လင်ဇော်တူး
(ပြီးပြီ။)
===
အပိုင်း (၆) ကိုဖတ်ရန် Link:
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။