အင်းတော်နယ်မှာ လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၂၁ လုံး ပျက်စီးခဲ့
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု၊ ကမ်းနီရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီလောက်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လူတွေအိပ်နေချိန်မှာ လေပြင်းတွေ ရုတ်တရက် တိုက်ခတ်လာတာကြောင့် အိမ်အမိုးအကာတွေ လွင့်စင်သွားပြီး ဓာတ်တိုင်တွေနဲ့ သစ်ပင်တွေပါ လဲကျသွားပေမဲ့ လူအထိခိုက်တော့ မရှိခဲ့ဘူးလို့ ကမ်းနီဒေသခံတစ်ဦးက ပြောပါတယ်။
“ရုတ်တရက်ကြီး ဝေါကနဲအသံတွေ ကြားရပြီးနောက် လေပြင်းတွေ စတိုက်လာတော့တာ။ လေဆင်နှမောင်း ဝှေ့ပြီးတိုက်သွားတာ။ အိမ်ခေါင်မိုးတွေ အကုန်လှန်၊ ထရံတွေလည်းကွာ၊ သစ်ပင်တွေလည်းကျိုး၊ ဓာတ်တိုင်တွေလည်း လဲသွားတဲ့အထိကို ပြင်းတယ်။”လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။