စစ်ကောင်စီတပ်က မြင်ကွင်းရှင်းဖို့ အင်းတော်မြို့ကို ဖျက်ဆီးနေတယ်လို့ပြော
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြင်ကွင်းရှင်းတဲ့အနေနဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းကနေ ၉ ရက်နေ့ မနက်ပိုင်းအထိ ရေနားတန်ရပ်ကွက် မီးလောင်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ မြို့မဈေးမီးလောင်ခဲ့တာလို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ရေနားတန်းကို ညပိုင်းစရှို့တာ။ အဝေးကလှမ်းကြည့်တာတောင် မီးကိုရဲနေပြီး မီးညွန့်တွေပါမြင်ရတယ်။”လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ လိုက်လံမီးရှို့မှုတွေကြောင့် မီးလောင်ပြာကျခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်တွေ တပ်စွဲနေတဲ့ မြို့မဘုန်းကြီးကျောင်းဘေးက နေအိမ်တစ်ချို့လည်း မီးလောင်နေတယ်လို့ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“သူတို့က မြို့မဘုန်းကြီးကျောင်းကုန်းကနေ လက်နက်ကြီးနဲ့ ဈေးဘက်တွေ လှမ်းထုတာပေါ့။ အဲ့တာမို့ ဈေးက မီးလောင်သွားတာ။ ရေနားတန်းဘက်ကျတော့ တမင်မီးရှို့တာ။ သူတို့က မြင်ကွင်းရှင်းတဲ့သဘောမျိုးနဲ့ မြို့ကို မီးရှို့နေတာ။”လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူ တစ်ထောင်ကျော်ကို မြို့မဘုန်းကြီးကျောင်းထဲမှာ လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးထားပြီး၊ အင်အား (၂၅၀) ကျော်နဲ့ အင်တော်မြို့ လျောင်းတော်မူဘုရားကုန်း၊ ဂျပန်လှိုင်ဂူကုန်းနဲ့ နန့်ခင်တောင်ကုန်းတွေမှာ နေရာယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့ပေါ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေတာ ၁ လပြည့်လာပြီ ဖြစ်ပါတယ်။