တော်လှန်ရေးထိုးစစ် အရှန်အဟုန် ပြင်းလာမည့် စစ်ကိုင်းတိုင်းလား
.
–
ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းအထက်ပိုင်းသည် ပထဝီဝင် အနေအထားအရ မြေခံရေခံကောင်းပြီး အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော လက်နက်ကိုင် တော်လှန်ရေး အစောပိုင်းကတည်းက တော်လှန်ရေး အားကောင်းခဲ့သော တိုင်းဒေသတစ်ခု ဖြစ်သည်။
လက်နက်ကိုင်တော်လှန်မှု အားကောင်းလာသည့်အလျောက် နယ်မြေစိုးမိုးနိုင်မှုလည်း အထိုက်အလျောက် အားကောင်းနေသော စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ် ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဘူး မြို့များလည်း မြို့နယ်တစ်ခုနှင့်တစ်ခု နယ်နိမိတ်ချင်း ထိစပ်နေပါသည်။
ထီးချိုင့်မြို့နှင့် ကသာမြို့သည် မန္တလေး-ဗန်းမော်လမ်းကြောင်းပေါ်တွင်ရှိပြီး၊ ကုန်းလမ်းအပြင် ဧရာဝတီ ရေကြောင်းလမ်းဖြင့်လည်း သွားလာနိုင်သော လမ်းကြောပေါ်က မြို့များဖြစ်သည်။ အလားတူ ကောလင်းနှင့် အင်းတော်မြို့သည်လည်း မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးပေါ်တွင်တည်ရှိပြီး၊ ကားလမ်းနှင့် မီးရထားလမ်း နှစ်သွယ်ဖြင့် သွားလာနိုင်သည်။ ပင်လည်ဘူးနှင့် ဗန်းမောက်မြို့လည်း မန္တလေးနှင့် ဟုမ္မလင်းမြို့သို့ သွားလာနိုင်သော ကားလမ်းမပေါ်၌ တည်ရှိသည်။
ထို့ကြောင့် အဆိုပါမြို့များသည် စစ်ကောင်စီအတွက် သာမက တော်လှန်ရေး အင်အားစုများအတွက်လည်း အရေးပါအခရာကျသော လမ်းကြောင်းပေါ်က မြို့များဖြစ်သည်။
လက်ရှိ စစ်ရေးအခြေအနေအရ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) သည် ရှမ်းပြည်နယ်မြောက်ပိုင်း သာမကပဲ မန္တလေးတိုင်းအထိပါ ပြန့်နှံ့လာနေပြီဖြစ်သည်။ စစ်ရေးအရှိန်အဟုန်အရ သော်လည်းကောင်း၊ ဟန်ချက်ညီစစ်ဆင်အရ သော်လည်းကောင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း တကျော့ပြန် စစ်ရေးအရှိန်လှုပ်ခတ် ရောက်ရှိလာနေသည်ကို စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
လက်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေအရနှင့် ဂုဏ်သိက္ခာအရ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ စစ်ရေးဖော်ဆောင်မှုများကို နေရာအနှံ့မြင်တွေ့ လာနိုင်သည်ဟု စစ်ကိုင်းတိုင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
၁၀၂၇ စစ်ဆင်ရေး (ပထမပိုင်း)၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်လကျော်ခန့် ထိန်းထားနိုင်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့တို့မှ ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော တိုင်းဒေသကြီးအတွင်းက မြို့နယ်အဆင့် မြို့ဖြစ်ပါသည်။ သို့သော် စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်ကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် ဆုတ်ခွာပေးလိုက်ရသည်။ စစ်ကောင်စီတပ်က မြို့ကိုပြန်သိမ်းနိုင်သော်လည်း မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ်က သစ်ဖုလဘုရားတောင် စစ်တပ်စခန်း၊ နိုင်ငံတော်အဆင့်ပိုင် ရွှေထုတ်သည့်စက်ရုံရှိသော ကျောက်ပုထိုး စစ်တပ်စခန်းများမှအပ ကောလင်းမြို့နယ်၏ ကျန်နေရာများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ၊ တော်လှန်ရေးတပ်များက စိုးမိုးထားနိုင်သည့် အခြေအနေ ဖြစ်ပါသည်။
ထို့အပြင် ယမန်နှစ် ၂၀၂၃ နိုဝင်ဘာလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲ၏ ရည်ရွယ်ချက် မပြည့်မြောက်ခဲ့သော်လည်း စစ်ကောင်စီတပ်က မြို့တွင်းခံစစ်ပြင်ထားရုံမှတပါး အခြားနေရာများကို စစ်ကြောင်းထိုးလှုပ်ရှားခွင့် အခွင့်မသာတော့သည့် အခြေအနေ ဖြစ်ပါသည်။
အလားတူ ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေးတပ်ပေါင်းစုများက (၅) ကြိမ်တိုင်တိုင် ထိုးစစ်ဆင်ခဲ့ပြီး အောင်မြင်မှု မရသေးသော်လည်း မြို့ကိုဝိုင်းဝန်း ပိတ်ဆို့ထားနိုင်သည့်အတွက် စစ်ကောင်စီတပ်က မြို့တွင်းပိတ်မိနေ၍ ရိက္ခာကိုပင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးနေရသည့် အခြေအနေ ဖြစ်နေသည်။
ထိုနည်းတူ ကသာ၊ အင်းတော်၊ ဝန်းသိုနှင့် ဗန်းမောက် မြို့နယ်များတွင်လည်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားနိုင်ရန် ခက်ခဲသွားပြီး မြို့တွင်းကတုတ်ကျင်းတူးပြီး ခံစစ်ပြင်ဆင်နေရသည်။
▪︎ စစ်ကူထောက်ပို့လမ်းကြောင်း နည်းလာသည့် စစ်ကောင်စီတပ် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို ခုခံနိုင်မလား
၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့်အတူ လွင့်စဉ်လာသော ထိုးစစ်အရှိန်သည် မန္တလေးတိုင်းအထိ ပျံ့နှံ့သွားပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းကိုလည်း ကူးစက်လာနေသည်ကို စစ်ရေးသတင်းများအရ သိရပါသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကုန်းနှင့်ရေလမ်းကြောင်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်သည်။
အဆိုပါ တပ်စခန်းများမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် မန္တလေးတိုင်း ထိစပ်နေသော သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်းဖြစ်သည့် ကျောက်လှည်းဘီးရွာ ခြေလျင်တပ်ရင်း (ခလရ-၁၄၈)၊ ချောင်းကြီး တပ်စခန်း၊ ကွင်း ၃၀ တပ်စခန်း၊ ဝက်သေ တပ်စခန်း၊ လက်ပံပြန့်တပ်စခန်း၊ ဖိုးကုန်းတပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်း၊ ဇရပ်ကွင်း တပ်စခန်းနှင့် အင်းနက်ရွာ တပ်စခန်း စသည့် တပ်စခန်း (၉) ခုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ထို့ပြင် သပိတ်ကျင်းမြို့နယ်၏ မြို့နယ်ခွဲဖြစ်သော တကောင်းမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တို့က ဩဂုတ်လ ၁၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် သပိတ်ကျင်းမြို့နယ်သည် အမှတ် (၁) သုတေသနတပ်ရင်း၊ အမှတ် (၂၀) စစ်ဆေးရုံ ကုတင် ၁၀၀၊ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ-၂) တို့သာ ကျန်ရှိတော့သည့်အတွက် ၎င်းတပ်စခန်းများကိုသာ ဆက်လက်သိမ်းပိုက် သွားနိုင်မည်ဆိုလျှင် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ စစ်ကောင်စီတပ် စစ်ကူပို့နိုင်မည့် ထောက်ပို့ရေးလမ်းကြောင်း လုံးဝ ပြတ်တောက်သွားနိုင်မည့် သဘောဖြစ်သည်။
ထို့အပြင် ယမန်နှစ် ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွင် စစ်ကူပို့ခဲ့သော ဧရာဝတီဖြစ်အရှေ့ဘက်ကမ်း၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အစပ် ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံစစ်စခန်း၊ မောင်းကုန်ရွာတပ်စခန်းနှင့် စစ်ကောင်စီတပ် အထိုင်ချထားသော တကောင်းနီကယ်စက်ရုံကိုလည်း တော်လှန်ရေးအင်အားစုများက ဇူလိုင်လတွင် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲသာ ပြန်လည်ဖြစ်ပေါ်လာခဲ့လျှင် စစ်ကောင်စီတပ်က ယခင်လို ခုခံနိုင်ဖို့အလားအလာ အားနည်းသွားသည့် သဘော တွေ့ရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် အင်းတော်နှင့် ဗန်းမောက် လမ်းမပေါ်ရှိ နန့်သာရွာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့ပြီး အင်းတော် – ဗန်းမောက် လမ်းကြောင်းသည် စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်နေပြီဖြစ်သည်။
အလားတူ ပျူစောထီအင်အား ထောင်ဂဏန်းရှိသည့် ကန့်ဘလူဘက်က လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်မည်ဆိုလျှင် ကောလင်းမြို့နှင့် ဝန်းသိုမြို့ကို စစ်ကူပေးနိုင်ရန် ခက်ခဲသွားမည်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်၏ ခုခံနိုင်စွမ်း အားနည်းသွားမည်ဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကောလင်းက ကန့်ဘလူကြောင့် ခက်နေတာပါ။ ကန့်ဘလူနယ်ကိုသာ ကန့်ထားနိုင်ရင် ကောလင်း၊ ဝန်းသို ရပါလိမ့်မယ်။ တခြားအထက်ဘက် မြို့တွေအတွက်လည်း စစ်ဆင်ရေးအရ အဆင်ပြေလိမ့်မယ်။”ဟု ဆိုသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ကသာမြို့ရှိ ကသာ ခလရ (၃၀၉) တပ်၊ ကောလင်းမြို့မှာ သစ်ဖုလဘုရားတောင်ကုန်းတပ်စခန်း၊ နိုင်ငံတော်ပိုင်ရွှေထုတ်စက်ရုံရှိသည့် ကျောက်ပုထိုးတပ်စခန်းနှင့် ကောလင်းမြို့ပေါ်ရှိ တပ်စခန်း၊ ဝန်းသိုမြို့နယ်တွင် ခမရ (၁၂၀) နှင့် ခမရ (၁၁၁) တပ်ရင်း၊ အင်းတော်မြို့ပေါ်ရှိ တပ်မ (၇၇)၊ ဗန်းမောက်မြို့ပေါ်ရှိ ခမရ (၈)၊ နဗဟ (၇၇၁) နှင့် ဗန်းမောက် အနောက်ခြမ်းရှိ SNA တပ်များနှင့် ပင်လည်ဘူးမြို့တွင် ခမရ (၁၀၁) ခလရ (၃၀၁) များသာ ကျန်ရှိနေသည်။
အထက်ပါ အခြေအနေများကို ခြုံကြည့်လျှင် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်စခန်းများမှာ မြို့ပေါ်တပ်စခန်းများသာ ကျန်ရှိတော့ပြီး ကျန်နေရာအားလုံးသည် တော်လှန်ရေးတပ်များ စိုးမိုးထားနိုင်သည့် နယ်မြေများ ဖြစ်ကြောင်း နားလည်ရသည်။
သို့သော် ကချင်ပြည်နယ်နှင့် ထိစပ်နေသော အင်းတော်မြို့နှင့် မိုင် ၅၀ ဝေးပြီး၊ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော မော်လူးမြို့နှင့် မိုင် ၂၀ ကျော်ခန့်သာဝေးသည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် စစ်ကောင်စီတပ်များမှ စစ်ကူပို့နိုင်မည့်အချက်ကိုတော့ သတိပြုရမည်ဖြစ်သည်။
လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် လှုပ်ရှားနေသည့် ကချင်လွတ်လွတ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အာရက္ခတပ်တော် (AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသလက်အောက်ခံ တပ်ရင်းများ၏ ဟန်ချက်ညီ စစ်ဆင်ရေးသာ ပီပီပြင်ပြင် ပေါ်ပေါက်လာမည်ဆိုလျှင် တော်လှန်ရေး ဘက်ကအားသာနေပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ မြင်တွေ့ရမည့် သဘောဖြစ်သည်။