ကရင် တော်လှန်ရေး အစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၆)
–
▪︎ ၁၉၅၀ ခုနှစ်၊ ရန်သူများ ဒိုက်ဦးမှ တောင်ငူသို့ ချီတက်ပုံ
၁၉၅၀ ခုနှစ်တွင် ရန်သူများက ကရင်တပ်မတော်မှ သိမ်းထားသော ညောင်လေးပင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဖြူးမြို့တွင် ခံတပ်ပြန်လည်ပြုလုပ်၍ ခုခံသော်လည်း မိမိတပ်မှ တပ်ဗိုလ်အချို့ ပေါ့လျော့မှုကြောင့် ရန်သူများ နောက်ပိုင်းသို့ဖြတ်ဝင်ပြီး ဖြူးမြို့ကို သိမ်းပိုက်လိုက်သည်။ ဖြူးမြို့မကျခင် တောင်ငူကိုကာကွယ်ရန် စီမံသည်။ ပထမစီစဉ်ချက်အရ စစ်တောင်းမြစ် အရှေ့ဖက်ကမ်းတွင် ကတုတ်များလုပ်ထားပြီး တောင်ငူမြို့ကို အသေခံကာကွယ်မည်ဟု ကြိမ်းဝါးထားသည်။ သို့သော် ရန်သူထပ်တိုး တက်လာသောအခါ အနည်းငယ်သာခုခံပြီး ဆုတ်ခဲ့သည်။ အရှေ့ဖက်ကမ်းတွင် တူးထားသော ကတုတ်တွင်လည်း စစ်သားတစ်ယောက်မှ မရှိ၊ ကတုတ်သာကျန် ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် လိမ်ကြသည်။ အရှေ့ဖက်ကမ်း၌ မိမိတို့ရှိသေးသည်ဟု လိမ်သည့်အတွက် ကချင်စစ်သား (၃) ယောက်နှင့် ကရင်စစ်သား (၁) ယောက် ဖမ်းခံရသည်။ ရန်သူများ မိမိတို့တပ်ကို အစုလိုက်အအုပ်လိုက် မဖမ်းမိခြင်းမှာ ထိုအချိန်က ရန်သူတပ်များသည် ကရင်တပ်များကို အထင်ကြီး၍ ဖြစ်သည်။
တောင်ငူ၊ မော်ချီးကားလမ်း တလျှောက်အတားအဆီး ဖြစ်နေသည်။ ကချင် (၆) ယောက် ကင်းထောက်အဖြစ် (၄) မိုင်တွင် ချထားသည်။ ညနေရောက်သောအခါ ကရင်တပ်သား (၆၀) ထပ်မံပို့ထားသည်။ ထို့နောက် အခြားနေရာမှတပ်များ ထပ်ဖြည့်သောအခါ (၄၀၀) ခန့်ရှိသွားသည်။ ထိုအချိန် (၄) မိုင်ကို ခံတပ်အဖြစ် ထားသည်။ သို့သော်လည်း ၁၉၅၀ ခုနှစ် မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်တိုက်ခိုက်ရာ နေ့လယ်အချိန်တွင် ရန်သူလက်တွင်း ကျသွားသည်။ ညနေ ၄ နာရီအချိန်တွင် ဗိုလ်ချုပ်မင်းမောင် ကျွန်တော့်ကို ခေါ်သဖြင့်သွားရာ (၇) မိုင်တွင် တာဝန်ယူရန် ဖြစ်သည်။ ထို့ကြောင့် ရှေ့တန်းသွားရန်ပြင်ဆင်ပြီး ၆ နာရီအချိန် (၁၃) မိုင်မှ (၇) မိုင်သို့ ကားဖြင့်သွားသည်။ ထို့အချိန်ကျွန်တော့်ကို ကော်သူလေးမှ ဗိုလ်မှူးအဖြစ်လည်းကောင်း (၇) မိုင်သို့ ရောက်သောအခါ ဒုဗိုလ်မှူးကြီး စကောမောရစ်၊ ဒုဗိုလ်မှူးကြီး ထရူးမင်းတို့ (၇) မိုင်တွင် ရှိသည်။ ဗိုလ်ချုပ်က သူတို့နှစ်ယောက်ကို ကျွန်တော့် စကားနားထောင်ရန် ဖုန်းနှင့် ပြောလိုက်သည်။ သူတို့နှစ်ယောက်လည်း သဘောထားကြီး ပါသည်။ ကျွန်တော်တို့ နေရာခွဲသည်။ ကချင်တို့က မော်တော်ကားလမ်း ဘယ်ညာနှစ်ဖက်စလုံး၊ ဒုဗိုလ်မှူးကြီး စကောမောရစ် ညာဘက်ထောင့်၊ ဒုဗိုလ်မှူးကြီးထရူးမင်က ဘယ်ဘက်ထောင့် တာဝန်ခွဲဝေသည်။ တစ်ညလုံး ကတုတ်တူးသည်။ အစီအစဉ်မှာ ကားလမ်းမှ အရင်ပစ်ပြီးမှ ဘယ်ညာမှပစ်ရန် ဖြစ်သည်။ ၁ – ၄ – ၁၉၅၀ နံနက် ၆ နာရီအချိန် (၄) မိုင်မှ ရန်သူများ စတက်လာသည်။ ရှေ့ဆုံးမှ မန်းဘခိုင်အမည်ပါသော တင့်ကားတစ်စီး တင့်ကားနောက်တွင် ဘရင်းကယ်ရီယာ (၈) စီး တက်လာသည်။ အင်မ်ဂျီအေဝမ်းနှင့် ပစ်ခတ်ရန် အဆင်သင့်လုပ်ထားပြီး ကျွန်တော့်အမိန့် မရမချင်း မပစ်ရန် အားလုံးကို ညွှန်ကြားထားသည်။ တင့်ကားပစ်မည့်သူကို ကျွန်တော့်အနားမှာ ထားသည်။ တင့်ကားကို ကိုက် (၅၀) အကွာရောက်သောအခါ ပစ်မိန့်ပေးလိုက်ရာ ပထမဆုံးချက်ကောင်းထိပြီး တင့်ကား ရှေ့ဆက်မသွားနိုင်တော့ပါ။ နောက် ဘရင်းကယ်ရီယာကို ထပ်ပစ်ရာ (၄) စီးမှောက်သွား၍ (၄) စီးနောက်ပြန်ဆုတ်သည်။ ညနေပိုင်းမိမိတို့ (MG A-1) ဗုံးသီးကုန်သွားချိန် (၂) စီး ရန်သူပြန်ရသွားသည်။ တင့်ကားပစ်မှောက်နိုင်သည့်အတွက် ဆုငွေ (၅၀၀၀) ကျပ် ရသည်။ ညနေ ၆ နာရီအချိန်တွင် ကချင်တပ် (၁၃) မိုင်သို့ပြန်သွားသည်။ ကျွန်တော့်နေရာတွင် ဒုဗိုလ်မှူးကြီး စကောမောရစ် ပြန်လာနေရာယူချိန် ရန်သူများနောက်ဆုတ်ရန်အတွက် ရမ်းပြီးပစ်လိုက်ရာ ဒုဗိုလ်မှူးကြီး စကောမောရစ်ကို ထိမှန်၍ ကျဆုံးသည်။ ၂ – ၄ – ၁၉၅၀ မှစ၍ ရန်သူများ ထိုးစစ်ဆင်လာမှု မရှိတော့ချေ။ သို့သော် ၁၉၅၃ ခုနှစ်တွင် ရန်သူမှပြန်လည် ထိုးစစ်ဆင်ရာ (၁၃) မိုင်၊ သံတောင်၊ ဘောကလိကို ရန်သူသိမ်းပိုက်လိုက်သည်။
(၁၃) မိုင်တွင်နေစဉ် ကချင်ခေါင်းဆောင် ဗိုလ်ချုပ်နော်ဆိုင်းထံ အဆက်အသွယ်လုပ်ရန် လူလွှတ်ဖို့ ဥက္ကဌစောဘဦးကြီးနှင့် ဗိုလ်ချုပ်မင်းမောင်တို့ကို သွားတိုင်ပင်သည်။ သွားရန် ဆက်သွယ်ရေး ကြိုးမဲ့ကြေးနန်းပါ တောင်းသည်။ ထိုအခါ ဥက္ကဌက ကျွန်တော့်ကို မေးသည်မှာ “ခင်ဗျားကိုယ်တိုင် သွားမလား”ဟုမေးရာ “ဟုတ်ကဲ့ စက်ပါရင်သွားမယ်”ဟု ပြောခဲ့သည်။ ဥက္ကဌက မသွားစေချင်သလား မသိ၊ စက်မရှိဟုပြောသောအခါ (ဂျီ-အက်စ်-အို) က အပိုရှိသည်ဟု ပြောသည်။ ထို့ကြောင့် လူလွှတ်ရန် ရဲဘော် (၆) ယောက်ရွေးသည်။ ၎င်းတို့မှာ (၁) ဗိုလ်လဆမ်၊ (၂) တပ်ကြပ်ဖေါ်ရမ်လ၊ (၃) တပ်သားဂွမ်ရင်တန်၊ (၄) တပ်သားအဒီး (၅) တပ်သားတူးဂျာ၊ (၆) တပ်သားလမုန်တန် တို့ဖြစ်သည်။ သွားရန်စာရိတ်တစ်ယောက် (၆၀) ကျပ်နှင့် အားလုံးအတွက် သပ်သပ် (၃၀၀) ကျပ် ထုတ်ပေးသည်။ ရဲဘော်များ မကြေနပ်ကြ၊ သို့သော် ကျွန်တော် သူတို့ကိုပြောပြသည်၊ ကျွန်တော်လည်း ငွေမရှိပါ၊ ခင်ဗျားတို့ သိတယ်၊ ကြိုးစားပြီး သီးခံပါဟုတောင်းပန်၍ လွှတ်လိုက်သည်။ ထိုအချိန်ရှမ်းပြည်သို့ ရောက်နေသော အထက်တစ်နေရာတွင် ဖော်ပြခဲ့သော ဖဒိုဖိုးညှော်နှင့် အချို့ကရင်များကို ဗိုလ်နော်ဆိုင်းမှ ဗိုလ်မှူးဇော်ဆိုင်းကို လမ်းကောင်းသည့်အချိန်တွင် ကရင်ပြည်ပြန်ပို့ပေးရန် တာဝန်ပေးခဲ့သည်။ ကရင်ပြည်မှ လွှတ်လိုက်သော ရဲဘော်များကို ဗိုလ်မှူးဇော်ဆိုင်းတို့ မယုံသဖြင့် အစပိုင်းတွင် အတွေ့မခံပေ။ ကျွန်တော် ရေးပေးလိုက်သောစာကို ထုတ်ပြမှယုံကြည့်သည်။ သို့သော် ဗိုလ်နော်ဆိုင်းတို့နှင့် မတွေ့လိုက်နိုင် ဥက္ကဌစောဘဦးကြီး မှာလိုက်သည်မှာ အခက်အခဲရှိပါက ပြန်ဆင်းလာရန် ဖြစ်သည်။ ဗိုလ်ချုပ်နော်ဆိုင်းကို မမီလိုက်သောကြောင့် ဗိုလ်နော်ဆိုင်းမှ ဗိုလ်မှူးဇော်ဆိုင်းကို တာဝန်ပေးချက်အရ ဖဒိုဖိုးညှော်၊ ဝီလီယမ်ဟိုးလင်းစဝပ် (Willion Holling Swad) ဆေးဆရာမနှစ်ယောက်နှင့်အတူ ဗိုလ်မှူးဇော်ဆိုင်း အပါအဝင် ကောသူလေးနယ်မြေသို့ ပြန်ရောက်လာသည်။ ပြန်တက်သွားသော ရဲဘော်များ ပြန်လာသည်။ လမုန်တန်တစ်ယောက် ပြန်မလာခဲ့။ ထို့နောက် အထက်မှပြန်ဆင်းလာသော ရဲဘော်များနှင့် ဗိုလ်မှူးဇော်ဆိုင်း တို့အတွက်ငွေ (၈၀၀၀) ကျပ် ထုတ်ပေးသည်။
===
အပိုင်း (၅) ကိုဖတ်ရန် Link:
အပိုင်း (၆) ကို ဆက်လက်ဖော်ပြပါမည်။
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။