ပြည်သူများ ရေဘေးဒုက္ခခံနေရချိန် နောင်ချိုနဲ့ လားရှိုးမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်
–
နိုင်ငံအနှံ့ရေကြီးနေချိန် စစ်ကောင်စီတပ်က ရှမ်းပြည်မြောက်ပိုင်း နောင်ချိုနဲ့ လားရှိုးမြို့ကို လေကြောင်းနဲ့ ပစ်ခတ်လို့ ပြည်သူ (၅) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။
မနေ့က စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၁၃) လုံးကြဲချခဲ့တဲ့အတွက် နောင်ချိုရဲစခန်းဝန်းနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့လို့ အဆောက်ဦးတွေ ထိခိုက်ခဲ့တယ်လို့ TNLA က စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။
ညနေ (၇) နာရီလောက်မှာလည်း MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်က နမ့်ပေါင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ (၅) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိကာ (၃) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း MNDAA က ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် အပါအဝင် အရပ်သား (၁၁) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေမှာ အရပ်သားပစ်မှတ်တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ နောင်ချိုမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သိရပါတယ်။