ယာဉ်မတော်တဆဖြစ်မှု ကျဆင်းရေးအတွက် စီမံချက်ဖြင့် စစ်ဆေးဖမ်းဆီးနေ
ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှုများ လျော့နည်းစေရန်အတွက် နောက်ကြည့်မှန်မပါသော ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင် မရှိသူများကို ဧပြီလ နှစ်ရက်နေ့တွင် စတင်အရေးယူခဲ့ရာ နာရီဝက်အတွင်း ယာဉ်အစီး တစ်ရာခန့်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူး ဒုရဲမှူး ကျော်စိုးဦးက ပြောသည်။
“ယာဉ်မတော်တဆမှုဖြစ်ပွားနိုင်တဲ့အထဲမှာ ဘက်မှန်က အရေးကြီးဆုံးထဲမှာပါတယ်။ အကွေ့တွေမှာ ယာဉ်ကျော်တက်တဲ့အခါ နောက်ကို မမြင်ဘူး။ ဒါကြောင့်ဖမ်းတာ၊ နောက်ပြီး ယာဉ်မောင်းလိုင်စင်ရဖို့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဖတ်ရမယ်။ လေ့လာရမယ်။ ဒါကြောင့် ယာဉ်မောင်းလိုင်စင်လည်း ဖမ်းတယ်။ ဒါမှသွားလုပ်ကြမှာ။ တကယ်လည်း နှစ်ရက်နေ့မှာ စဖမ်းတယ်။ နာရီဝက်အတွင်း ဆိုင်ကယ်အစီး တစ်ရာလောက်နဲ့ ယာဉ်မောင်းလိုင်စင်မပါတဲ့ ကား (၂၂)စီးရတယ်။ ဆိုင်ကယ် (၈၄)စီးက ဒဏ်ငွေလာဆောင်တာ” ဟု ၎င်းက ဆိုသည်။
ဧပြီလမှစတင်ကာ ယခုလိုဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းကို ဖေဖေါ်ဝါရီလ ကတည်းက ကချင်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိန်းရေး ကော်မတီမှ ကြောညာချက်ထုတ်ပြန်၍ နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့ပြီး သတင်းဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့လည်း ကြေညာစာများကို ဖြန့်ဝေပေးခဲ့ကြောင်း သို့သော် အများစုမှာ ယခုကြေညာစာကို စိတ်ဝင်စားမှုမရှိသောကြောင့် စဖမ်းသည့်နေ့တွင် အများစု အဖမ်းခံရခြင်း ဖြစ်သည်ဟု ဒုရဲမှူး ကျော်စိုးဦးက ပြောသည်။
ကချင်ပြည်နယ် တစ်ခုလုံး၏ ၂၀၁၅ မှ ၂၀၁၇ အထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ (၄၉၈) ဦးအထိရှိပြီး လူသေဆုံးမှုစာရင်းမှာ နှစ်စဉ်တိုးလာနေကာ မြစ်ကြီးနားမြို့၏ ယခုနှစ် သုံးလအတွင်း သေဆုံးစာရင်းမှာ လည်း (၁၉) ဦး ရှိကြောင်း သေဆုံးဒဏ်ရာရမှုလျော့ကျသွားရန်အတွက် စီမံချက်နှင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။