လမ်းကြောပိတ်ဆို့မှုများအနှင့်အတူ ကချင်တွင် စက်သုံးဆီဈေးနှုန်း ထိုးတက်မှုအပြင် ဝယ်ယူရန်ခက်ခဲလာ
–
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်မားနေသည့်အပြင် အဝယ်ခက်သည့် အခြေအနေများနှင့်ပါ ကြုံတွေ့နေရသည်ဟု မြို့ခံများက ပြောဆိုကြသည်။
ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဓာတ်ဆီ ၁ လီတာဈေး ငွေကျပ် ၁၅,၀၀၀၊ ဒီဇယ် ၁ လီတာဈေး ငွေကျပ် ၁ သောင်းဝန်းကျင်အထိ မြင့်တက်သွားသည့်အပြင် အချို့ဆီပန့်ဆိုင်များဆိုလျှင် ဆီမရှိတော့သဖြင့် အရောင်းပိတ်ထားကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုဆီဝယ်ရ ခက်နေတယ်။ တစ်လီတာ ၁ သောင်းခွဲ။ ဆိုင်တွေလည်း ပိတ်ကုန်ပြီ။”ဟု ပြောပါသည်။
မြန်မာပြည်အောက်ပိုင်းမှ ကချင်ပြည်နယ်သို့ ပို့ဆောင်နေသည့် စက်သုံးဆီယာဉ်များကို မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီအောက် SNA နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးထားသည့်အတွက် စက်သုံးဆီပြတ်လပ်ခြင်း ဖြစ်နိုင်ကြောင်း ဆီကုန်သည်နှင့်နီးစပ်သူထံမှတစ်ဆင့် သိရှိရသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီက ဆီသယ်ယာဉ်များကို ဖမ်းဆီးလျက်ရှိရာ အထက်စစ်ကိုင်းဒေသများတွင်လည်း ဆီဈေးနှုန်းများ မြင့်တက်နေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
“ဆီဈေးတွေ ပထမက ထိုးကျသွားပြီး ပြန်တက်ခဲ့ပြန်ပြီ ခုက၊ စံပယ်နံ့သာ (ကန့်ဘလူ) ဘက်မှာ စစ်ကောင်စီက ဆီကားတွေ ပိတ်ထားတယ်။ အဲ့တာကြောင့် အထက်ပိုင်းဘက်မှာ ကောလင်းကနေစပြီး အထက်ပိုင်းတကြောလုံး ဆီဈေးတွေ ပြန်တက်နေတယ်။”ဟု ဒေသခံက ပြောသည်။
ကချင်ပြည်နယ်တွင်လည်း ပန်ဝါနှင့် ကံပိုင်တည် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ဖြတ်သန်းသွားလာခွင့်အား တရုတ်ဘက်က ပိတ်ဆို့လိုက်သည့် အောက်တိုဘာလမှစတင်ပြီး မြစ်ကြီးနားမြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
အာဏာမသိမ်းမီကာလက ကချင်ပြည်နယ်တွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၈၀၀ ကျော်ဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် လေးနှစ်ပြည့်ခါနီးကာလတွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၁ သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။