ပြောက်ကျား စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်သည့်အတွက် တနိုင်းဒေသမှ ရွှေနှင့်ပယင်းမှော်များတွင် ရောက်ရှိနေသော ပြည်သူများ အမြန်ဆုံး ထွက်ခွာရန် ကေအိုင်အေ ထုတ်ပြန်
ပြောက်ကျား စစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်သည့်အတွက် တနိုင်း ဟူးကောင်းဒေသရှိ ပယင်းမှော်များနှင့် ရွှေမှော်များတွင် လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ အမြန်ဆုံး ထွက်ခွာသွားရန် ကေအိုင်အေ တပ်ရင်း (၁၄)မှ (ဧပြီ ၅ရက်နေ့) ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆင်ရေးအား ကေအိုင်အေ တပ်မဟာ (၂)၊ တပ်ရင်း(၁၄) ဒေသ ရှဒူးဇွတ်ဂျာဝမ်၊ နန်ဗျူ၊ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း၊ ဒဘာချောင်းဖျား ရွှေမှော်များနှင့် ပယင်းမှော်များတွင် ယခုလ (၁၀) ရက်နေ့မှ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး သတိပေးချက်အား လိုက်နာခြင်းမရှိ၍ ပြဿနာဖြစ်ပေါ်လာပါက ကေအိုင်အေမှ တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“တပ်ရင်း (၁၄)ကလည်း တပ်ရင်း အတည်တကျနေဖို့လည်း ခက်ခဲသွားတော့ လှုပ်ရှားတပ်အနေနဲ့ အလုပ်လုပ်ရတော့တာပေါ့။” ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တပ်ရင်း (၁၄)ဌာနချုပ်သည် ပြီးခဲ့သည့်လအတွင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် ဖယ်ရှားခဲ့ရသည့် ကေအိုင်အေ တပ်ရင်းဖြစ်သည်။
ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်များတွင် အလားတူသတိပေး ထုတ်ပြန်ချက်များကို တပ်မတော်နှင့် ကေအိုင်အေ နှစ်ဘက်စလုံးမှ ယခင်ကလည်း ထုတ်ပြန်မှုများ ရှိခဲ့သည်။
ကချင်ပြည်နယ်ရှိ တနိုင်း၊ ဗန်းမော်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များတွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။