ကံပိုင်တည်မြို့ သိမ်းခံရပြီးနောက် စစ်ကောင်စီက မြစ်ကြီးနား – ဝိုင်းမော်မြို့ ဧရာဝတီမြစ်ကူးတံတားကို ပိတ်ပစ်
–
ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကို စစ်ကောင်စီက ဒီနေ့ မနက် ၇ နာရီအချိန်လောက်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
“ဒီမနက် မြစ်ကြီးနားဘက် ပစ္စည်းသွားဝယ်ဖို့သွားတာ တံတားက ပိတ်ထားတယ်။ တစ်ချို့ကို မေးကြည့်တာ့ လုံခြုံရေးကြောင့် ပိတ်လိုက်တယ်လို့ ပြောတယ်တဲ့။ အခုတော့ မြစ်ကြီးနားကို (ဝိုင်းမော်မြို့) နောင်းချိန်း (ကျေးရွာ) ဘက်ကနေ စက်လှေနဲ့ ပတ်ပြီးသွားရတယ်။”လို့ ဝိုင်းမော်မြို့က အသက် (၃၀) နှစ်ကျော် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူ မြစ်ကြီးနားက ဝိုင်းမော်ဘက်ကို လယ်လုပ်နေတဲ့ တောင်သူတစ်ဦးကလည်း ကောက်ရိတ်တဲ့သူတွေအတွက် အစားအသောက်သွားပို့ချိန် တံတားပိတ်ထားတာကြောင့် သွားမရဖြစ်ခဲ့တယ်လို့ အသက် (၄၀) နှစ် အမျိုးသားတစ်ယောက်က ပြောပါတယ်။
“ဒီမနက် ၈ နာရီကျော်လောက်မှာ ကောက်ရိတ်ပေးနေတဲ့ သူတွေအတွက် စားစရာသွားပို့ဖို့သွားတာ တံတားပိတ်လို့ မသွားလိုက်ရဘူး။”လို့ အဆိုပါတောင်သူက ပြောပါတယ်။
ဗလမင်းထင်တံတားကို ဝိုင်းမော်မြို့နယ် ကံပိုင်တည် မြန်မာ-တရုတ် နယ်စပ်မြို့ကို KIA က သိမ်းပိုက်လိုက်ပြီးနောက် မနက်မှာပဲပိတ်လိုက်တာ ဖြစ်ပါတယ်။
“တံတားပိတ်တာက KIA က ကံပိုင်တည် သိမ်းလိုက်တာကြောင့် ဖြစ်နိုင်တယ်။ အခုတာ့ ဝိုင်းမော်ဘက် သူတို့ အတွက် (၅၈) ပဲ ရှိတော့တယ်လေ။ မြစ်ကြီးနားကို ရောက်လာမှာကို ကြောက်နေပြီလေ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်က မြန်မာ-တရုတ် တရားဝင်နယ်စပ်ဂိတ်ရှိတဲ့ မြို့တွေထဲက နောက်ဆုံးကျန်ရှိနေတဲ့ ကံပိုင်တည်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။