ပထမဆုံးအကြိမ်ကျင်းပသည့် ကွတ်ခိုင်မြို့မှ ကချင်မနောင်ပွဲတော်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ကချင်မနောင်ပွဲတော်ကို ဧပြီလ ၃ရက်နေ့မှ ၆ရက်နေ့အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မနောင်ပွဲတော်တွင် ကချင်ရိုးရာ ရက်ကန်းရက်ပြိုင်ပွဲ၊ ရိုးရာလက်မှုအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ယှဉ်ပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲများကို ပါဝင်ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာတေးဂီတသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများကို နိုင်ငံကျော်အဆိုတော်များမှ လာရောက်သီဆို ဖြေဖျော်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ ဦးဂျန်မော်ဒွဲအောင်က ဆိုသည်။ ထို့အပြင် ကံစမ်းမဲဖောက်ပေးခြင်း၊ ပြခန်းများခင်းကျင်းပြသခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကချင်လူမျိုးများ စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်နှင့် စာပေ၊ ရိုးရာဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်သွားနိုင်ရန်ဖြစ်ပြီး ဘိုးဘွားပိုင် အမွေအနစ်မြေများကို ကာကွယ်သွားနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မနောင်ပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ဆိုသည်။