အချက်အချာကျတဲ့ ဗန်းမော်အခြေစိုက် စကခ – ၂၁ ကို သိမ်းရင် မပခ ရဲ့ အရှေ့ခြံစည်းရိုးပြိုပြီ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
KIO ဗဟိုဆုံးဖြတ်ချက်နဲ့ ကချင်တပြည်နယ်လုံးအတိုင်းအတာ စစ်ဆင်ရေးဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ ဧရာဝတီအရှေ့ဘက်ခြမ်းမှာ စစ်ဆင်ရေး ဖော်ဆောင်နေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ တိုင်းအဆင့်စစ်ဌာနချုပ်အပြင် ဗန်းမော် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် – စကခ ၂၁၊ မိုးကောင်း စစ်ဆင်ကွပ်ကဲမှုဌာနချုပ် – စကခ ၃ နဲ့ တနိုင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ အစရှိတဲ့ စစ်ဌာနတွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အောက်က စစ်ဌာနတွေဖြစ်ပေမဲ့ မပခ ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် အရေးပါတဲ့ ကချင်ပြည်နယ်တွင်းက စစ်ဌာနချုပ်တွေ ဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ လက်ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို အနီးကပ်ခုခံနေရတဲ့ စစ်ဌာနချုပ်ဟာ ဗန်းမော်မြို့မှာ အခြေစိုက်တဲ့ စကခ ၂၁ ပဲ ဖြစ်ပါတယ်။
ဗန်းမော်ဒေသဟာ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နဲ့ ချိဆက်နေတဲ့ ခရိုင်အဆင့်မြို့ဖြစ်ပြီး အောက်ပိုင်း စစ်ကိုင်း၊ မန္တလေးနဲ့ အထက်ဘက် ဝိုင်းမော်၊ မြစ်ကြီးနားမြို့တွေနဲ့ ကုန်းကြောင်း၊ ရေကြောင်း လမ်းပေါက်ရောက်တဲ့ စီးပွားရေးအရရော စစ်ရေးအရရော အချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။ ထို့အပြင် ဗန်းမော်မြို့ကနေ KIO/KIA ဌာနချုပ်လိုင်ဇာမြို့အပြင် ရှမ်းပြည်မြောက်ပိုင်းကိုလည်း စစ်ရေးအရ တန်ပြန်လှုပ်ရှားနိုင်ရန်အတွက် စစ်ကောင်စီအတွက် အရေးပါတဲ့ မြို့ဖြစ်ပါတယ်။
အခုနှစ် မတ် ၇ ရက်နေ့မှာ KIA က သမိုင်းဝင် စစ်ဆင်ရေးကြီးကို မြစ်ကြီးနား – ဗန်းမော်လမ်းကြောပေါ်မှာ စတင်လိုက်ပါတယ်။ ဌာနချုပ်လိုင်ဇာမြို့အနီး စစ်ရေးဗျူဟာကုန်းတွေမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် ဗန်းမော်ကားလမ်းကြောပေါ်က ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော စတဲ့ မြို့ကျေးရွာတွေနဲ့အတူ တပ်ရင်းအဆင့်ရှိ စစ်ကောင်စီရဲ့ စစ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမောက်မြို့နယ်ထဲက ဒါဆိုင်း၊ မြို့သစ်၊ ကုန်းလော၊ နွမ်လန့် စတဲ့နေရာတွေမှာ တည်ဆောက်ထားတဲ့ တပ်ရင်းအဆင့်ရှိ စစ်စခန်းတွေဟာ ဗန်းမော် စကခ ၂၁ လက်အောက်မှာရှိတဲ့ စခန်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ ဗန်းမော်မြို့နှစ်ခုစလုံးအတွက် အရေးပါတဲ့ ခမရ (၄၃၇) နဲ့ မံစီနဲ့ ဗန်းမော်မြို့အတွက် အရေးပါတဲ့ ခမရ (၃၁၉)၊ (၆၀၁) တပ်စခန်းတွေဟာလည်း စကခ ၂၁ လက်အောက်မှာ ကျရောက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA သိမ်းထားတဲ့ မဘိမ်းမြို့နဲ့ မကြာသေးမီက TNLA သိမ်းပိုက်လိုက်တဲ့ မိုးမိတ်မြို့တွေဟာလည်း စကခ ၂၁ က တိုက်ရိုက်စီမံကွပ်ကဲခွင့်ရရှိထားတဲ့ စစ်ဒေသတွေ ဖြစ်ပါတယ်။ KIA ရဲ့ စစ်ဆင်ရေးအတွင်း စစ်စခန်းတော်တော်များများကို လက်လွှတ်ခဲ့ရပြီဖြစ်တဲ့ စကခ ၂၁ ဟာ လက်ရှိလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးကို အလူးအလဲရင်ဆိုင်နေရပြီး တစ်ဖြည်းဖြည်းနဲ့ စကခ ၂၁ ဌာနချုပ်ရုံးစိုက်ရာ ဗန်းမြို့နားကပ်လာတဲ့ အခြေအနေပါ။
အဲဒါကြောင့် အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) အခြေစိုက်တဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီ လက်လွှတ်သွားပြီဆိုရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အရှေ့ဘက်ခြံစည်းရိုးဟာ လုံးဝ ပြိုကျသွားပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။