မံစီမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ စကစ စစ်သား ၂ ဦးကို တော်လှန်ရေးရဲဘော်တို့က ဖမ်းမိခဲ့တယ်လို့ ပြော
–
KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ထားတဲ့ မံစီစစ်တပ်စခန်းတွေကနေ မူးယစ်ဆေးရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရရှိထားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့တုန်းက မံစီမြို့စောင့်တပ် ခမရ (၆၀၁) နဲ့ ခမရ (၃၁၉) တပ်စခန်းကနေ မူးယစ်ဆေးရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မျက်စိလည်လမ်းမှားလာတာကြောင့် ဖမ်းဆီးထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“လမ်းမှားပြီးရောက်လာတာ။ မသင်္ကာတာနဲ့ စစ်ဆေးတော့ စစ်တပ်ကဖြစ်နေတာ။ မိတော့ အဲ့ကောင်တွေက ပြေးလာတာလို့ ပြောတယ်။” လို့ ပြောပါတယ်။
ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
မံစီမှာ ပြီးခဲ့တဲ့မေလကတည်းက မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့စောင့်တပ်နှစ်ခုကို သိမ်းပိုက်ဖို့အတွက် စစ်ရေးဖြတ်တောက်မှုတွေပြုလုပ်ထားပြီး စစ်ဆင်ရေးဆက်လက်လုပ်ဆောင်နေကြဆဲလို့ သိရပါတယ်။