တော်လှန်ရေးတပ်ဖွဲ့က မြစ်ခြေမြို့နယ်မှ ပျူစောထီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများကို သိမ်းယူကာ ပြန်လည်ဆုတ်ခွာ
–
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အောင်သာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ နေရာကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်စီးနိုင်ခဲ့၍ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားသည်။
ယနေ့နံနက် ၅ နာရီအချိန်တွင် ရွာကိုစတင်ဝင်ရောက်စီးနင်းရာ ၆ နာရီခွဲအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲကြာမြင့်ခဲ့သည်ဟု PLA ၏ အမှတ် (၈၁၅) တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ရဲဘော်တစ်ဦး ပြောသည်။
“သူတို့ (စကစ) တွေ တပ်စွဲထားတဲ့ အထိုင်စခန်းကိုတော့ မသိမ်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဝင်လုံးမယ်လုပ်တဲ့အခါ ပခုက္ကူတပ်ကနေ စစ်ကူတွေရောက်လာတော့ တပ်ဆုတ်ခဲ့ရတာပေါ့။ စခန်းကိုမသိမ်းနိုင်ပေမဲ့လည်း ရွာကိုဝင်ပြီးမှ စီးနိုင်ခဲ့တယ်။ ပျူတွေရဲ့အိမ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်။ အဲ့ဒီကနေ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေလည်း ဖမ်းနိုင်ခဲ့တယ်။ စကစနဲ့ပျူစောထီး အများအပြား ကျဆုံးတာကိုလည်း မျက်မြင်တွေ့ရှိခဲ့ရတယ်။”ဟု ဆိုသည်။
တိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (အနောက်မြောက်စစ်ဒေသ)၊ PDO/PDA၊ ABSDF၊ PRF၊ BLY နှင့် ဧရာဒေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းလည်း ပြောသည်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀ ယောက် ဖမ်းဆီးရမိခဲ့ပြီး၊ G 3 ၄ လက်၊ ကာဘိုင် ၃ လက်၊ ရှော့ဂမ်း ၂ လက်၊ ဝင်ချက်စတာ ခါးချိုး ၁ လက်၊ ၄၀ မမ KIA ထုတ် ၁ လက်၊ G 3 ကျည်ဘောက် ၉ ဘောက်၊ ကာဘိုင်ကျည်ဘောက် ၅ ဘောက်၊ G 3 ကျည် ၁၄၅ ထောင့်၊ ကာဘိုင်ကျည် ၈၉ ထောင်၊ တစ်ထောင့်ထိုးကျည် ၇၃ ထောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် မိုဘိုင်းဖုန်း ၅ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို PLA တပ်ဖွဲ့က ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားသည်။