ဖားကန့် ဆိုင်းတောင်မှာ တစ်ပတ်အတွင်း ဓားထိုးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအုပ်စုမှာ ဒီရက်ပိုင်းအတွင်း ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၃ လောင်းရှိနေပြီလို့ သိရှိရပါတယ်။
မနေ့က ဆိုင်းတောင်ကျေးရွာ၊ ရွာဟောင်းဘက် ဂျန်ကပ်လှိုဏ်ဂူ ဘုန်းကြီးကျောင်းလမ်းဘေးက ဝါးရုံတောမှာ လည်ပင်းဓားထိုးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဝါးရုံတောထဲမှာ တွေ့တာ။ အဲ့နားမှာ သတ်ပြီးပစ်ထားတာ။ သူ့ပစ္စည်းတွေ မယူသွားဘူး။”လို့ ပြောပါတယ်။
အလောင်းပိုင်ရှင် မပေါ်သေးကြောင်းနဲ့ သေဆုံးနေတာ ၄ ရက်ဝန်းကျင်လောက်ရှိနေပြီလို့ ခန့်မှန်းရကြောင်း ပြောပါတယ်။
အခုလိုဖြစ်စဉ်နဲ့ ဆင်တူတဲ့ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ရုပ်အလောင်းနှစ်ခုကို ဇူလိုင်လ ပထမပတ်အတွင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
“အမျိုးသားတစ်ယောက်က နမ့်မှော်ကျေးရွာမှာ တွေ့တာ။ ပိုင်ရှင်ပေါ်တယ်။ အမျိုးသမီးက မှော်ရှန်ကျေးရွာ၊ စိန်ရတနာ သောက်ရေသန့်စက်၊ တရုတ်ဘုံကျောင်းနားမှာ တွေ့တာ။ အသတ်ခံရတာ။ မိုးညှင်း၊ အုတ်ကျင်းရပ်ကွက်လို့ ဇာတိသိရတယ်။”လို့ ပြောပြပါတယ်။
အခုရက်ပိုင်းတွင်းတွေ့ရှိရတဲ့ သေဆုံးသူတွေဟာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး လက်သည်တရားခံ မသိရှိရဘူးလို့လည်း ပြောဆိုထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂၀၂၂ ခုနှစ်ကတည်းကစပြီး လက်သည်မပေါ်တဲ့ လူသတ်မှု၊ လုယက်မှုတွေဖြစ်ပွားနေခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံရသူတွေအထဲမှာ လုပ်ငန်းရှင်အဆင့်သူဌေးတွေ အပါအဝင် လက်လုပ်လက်စားအဆင့် ရေခဲချောင်းရောင်းသူ၊ အချဉ်ပေါင်းရောင်းသူတွေအထိ ပါဝင်ကြပါတယ်။