အာဏာသိမ်းကာလ ဗူးလေးရာဖယုံဆင့်တဲ့ ရေကြီးမှု
5 July 2024 – Kachinwaves
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေ မကြီးခင်ကတည်းက လက်နက်ကြီးသံတွေ နေ့တိုင်းညတိုင်းလိုလို ကြားခဲ့ရပါတယ်။
မြို့အရှေ့ဘက်ကမ်းက ဝိုင်းမော်မြို့ ပြည်သူတွေ စစ်ရှောင်နေရပါတယ်။ ရေမကြီးခင်ကတည်းက ဖုန်းလိုင်း အင်တာနက်လိုင်းတွေက ပုံမှန်မရှိခဲ့ပါဘူး။ လျှပ်စစ်မီးလည်း အလေ့ကျစနစ်ပဲ လာနေခဲ့တာပါ။
မိုးတည်းရေကြီးလာတဲ့အခါမှာတော့ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ဆုံအထက်ပိုင်း ကျေးရွာတွေ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ စာတဲ့ မြစ်ကြောတစ်လျှောက်က ကျေးရွာတွေနဲ့ မြို့တွေဟာ ရေဘေးသင့်ခဲ့ရပါတယ်။
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ရဲ့ မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းဘေးရှိ ရပ်ကွက်တွေမှာ ဇွန် ၃၀ ရက်မနက်ကနေ ဧရာဝတီမြစ်ရေ စတင်ဝင်လာနေပါပြီ။ အစောဆုံး ရေဘေးသင့်ခံလာရတဲ့ သူတွေထဲမှာ ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေ ပါပါတယ်။
ဇွန် ၃၀ ရက်နေ့ မနက်ကနေ ဧရာဝတီမြစ်ရေဟာ တရိပ်ရိပ်တက်လာခဲ့တာ ဇူလိုင် ၁ ရက်နေ့ညမှာတော့ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်ထိ ရောက်ရှိခဲ့ပါတယ်။
မြို့ရဲ့ ရပ်ကွက်တွေမှာ ၃ ပုံ ၂ ပုံလောက်အထိ ရေဝင်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးတွေ မရောက်လာလို့ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရပ်နီးရပ်ဝေးက ဆက်သွယ်လို့ရတဲ့ လူတွေကို ကူပါကယ်ပါ ချိတ်ဆက်ခဲ့ကြရ ပါတယ်။
စစ်အာဏာသိမ်း ကာလမှာဖြစ်လို့ အသင်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားခွင့်တွေ တင်းကျပ်ခံထားရတဲ့ ကာလဖြစ်တဲ့အပြင် လူတစ်ဦးချင်းတောင် လွတ်လွတ်လပ်လပ် သွားလာလို့မရပဲ လုံခြုံမှုကင်းမဲ့နေတဲ့ အချိန်အခါမှာ စံချိန်တင် ရေကြီးလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့လည်း ထိထိရောက်ရောက် ပြင်ဆင်လုပ်ဆောင်ပေးနိုင်တာ မတွေ့ရသလို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်တဲ့ ရပ်ကွက်တွေမှာတောင် ကယ်ဆယ်ရေး မရောက်လာလို့ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လွတ်လပ်တဲ့ သတင်းမီးဒီယာတွေကို ပိတ်ပင်ထားတဲ့ ကာလဖြစ်လို့ သက်ဆိုင်ရာ တာဝန်ရှိဌာနတွေကို မေးမြန်းခွင့် မရရှိခဲ့သလို စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေကလည်း ပြည်သူလူထုကို အသိပေးထုတ်ပြန်တာတွေ မတွေ့ရပါဘူး။
ရေကြီးနေတဲ့ ရက်ပိုင်းမှာ လျှပ်စစ်မီးပြတ်နေခြင်း၊ ဖုန်းလိုင်းတွေပြတ်နေခြင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေခြင်းတွေကြောင့် ပရဟိတ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေ ဆက်သွယ်စုံစမ်းဖို့လည်း အခက်အခဲတွေ ရှိခဲ့တာကို တွေ့ရပါတယ်။
အခုလို ဧရာဝတီမြစ် စံချိန်တင်ရေကြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ ဖုန်း၊ အင်တာနက်ကို လူတိုင်း လက်လှမ်းမီ ကိုင်ဆောင်ခွင့် မရခဲ့ပေမဲ့ KIO နဲ့ စစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေး ရရှိထားတဲ့ ကာလကဖြစ်လို့ လက်ရှိအာဏာသိမ်းကာလက ရေကြီးမှု အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် လက်ရှိ အခြေအနေဟာ ပြည်သူတွေအတွက် ဗူးလေးရာဖယုံဆင့် ဆင်းရဲဒုက္ခဖြစ်နေရတာ ဖြစ်ပါတယ်။