လိုင်ဇာမြို့ ရပ်ကွက် (၈) မှာ လေယာဉ်ဗုံးကျခဲ့လို့ ၂ ဦးသေဆုံး
–
“ကလေးတွေကို အချိန်မီ နှိုးလိုက်နိုင်တယ်။ ကလေးတွေကို အမြန်ထအမြန်ထဆိုပြီးတော့ သူတို့ကိုနှိုးပြီး ကတုတ်ကျင်းထဲကို ပြေးဝင်သွားကြတာနဲ့ လေယာဉ်တစ်ခါပျံဝဲသွားခဲ့တယ်။ ဒီလိုင်လွမ်တောင်ကြောကနေ ပျံဝဲသွားတဲ့နောက် ကလေးတွေကို လိုက်နှိုးတယ်။ ကလေးတွေလည်း ဖိနပ်ကောက်ကိုင်တဲ့သူက ကိုင်လျက်နဲ့ ကတုတ်ကျင်းထဲကို ပြေးဝင်လိုက်တာနဲ့ အဲ့ဒီလေယာဉ်က ပြန်ခေါက်လာတာ၊ လေယာဉ်ပျံလာပြီဆိုပြီးတော့ ကျနော်လည်း ကတုတ်ကျင်းထဲ ဝင်လိုက်တာနဲ့ ဗုန်း ဆိုတဲ့အသံကြား လိုက်တယ်။ အဲဒီလေယာဉ် ပျံဝဲနေသေးတဲ့အချိန်မှာ ဒီကနေ ကျနော်တို့ ကြည့်တဲ့အခါကျတော့ လိုင်ဇာနယ်စပ်ဘက်မှာ မီးပန်းမီးရှူးတွေလိုပဲ မိုးပေါ်ကို ပစ်ဖောက်နေတာ လှမ်းမြင်ရတယ်။ တရုတ်တွေပစ်တာ ဖြစ်မယ်လို့ ကျနော်ကတောာ့ ထင်တယ်။ (KIA) ကတော့အဲ့သလို ပစ်ဖို့မရှိလောက်ဘူး။”
ကချင်ပြည်နယ်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါနယ်စပ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က မနေ့က သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီဟာ ဒီနေ့မနက် ၁ နာရီကျော်အချိန်မှာ KIO/KIA ဌာနချုပ် လိုင်ဇာမြို့ဘက်ကို လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းကို ဒေသခံအမျိုးသားက ပြောပြနေတာဖြစ် ပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်တိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့ပြင် အရပ်သားလူနေရပ်ကွက် (၈) ဒေသအခေါ် လမိုင်ယန်ရွာအတွင်း နေအိမ်နှစ်ခုမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသလို နေအိမ်နဲ့ ဆိုင်ကယ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံက အခုလိုပြောပြပါတယ်။
“ဦးလရှီးလောဒ့်နော်ရဲ့ အိမ်ကိုစစ်ဆေးပြီးနောက် ပြန်လှည့်ပတ်ကြည့်တော့မှ ဦးလုံဂျွန်အောင်နဲ့ ဒေါ်ဖေါ်ဂန့်လုရာ သူတို့မိသားစုမှာလည်း ဗုံးကျရောက်ပေါက်ကွဲတာကို တွေ့ခဲ့ရတာ ဟုတ်ပါတယ်။”
ဒီနေ့ မနက်အစောပိုင်း လေယာဉ်ဗုံးကြဲခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၉ ရက်နေ့ညက စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မုန်လိုင်ခက်စစ်ရောင်စခန်းအနီးအနားက ရွာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာရှိတဲ့ မိုင်ဆတ်ပါကျေးရွာကိုလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ညမှာ စစ်ကောင်စီက လေယာဉ်နဲ့ပဲ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းနဲ့ လူနေအိမ်ထိခိုက်ပျက်စီးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။