ဆူးတောကို ဖြတ်နေရတဲ့ ဘဝများ
6 July 2024 – Kachinwaves
“အသက်ကြီးတဲ့ အမျိုးသမီး သုံးယောက်တော့ အဲ့ဒီမှာ ကျည်ဆံထိပြီး ပွဲချင်းပြီး သေဆုံးသွားတာ။ အသက်ကြီးပြီ၊ အသက် ၅၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော်တဲ့သူ သုံးယောက် ဟုတ်တယ်။ နှစ်ယောက်က ကျမတို့ကျေးရွာရဲ့ မူလတန်းကျောင်း နောက်ဘက်က နေအိမ်နှစ်ခုကြားမှာ ဗုံးကျရောက်ပေါက်ကွဲလို့ အဲ့ဒီမှာ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူတို့က အသက်ကြီးတော့ ကတုတ်ကျင်းတွေမှာ အလျင်အမြန်ခိုလှုံဖို့ ခက်ခဲတဲ့ သူတွေဖြစ်ပါတယ်။ ပြီးတော့ ကျေးရွာထိပ်ဘက်က သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက သူမြေကြီးမှာဝပ်နေတာ၊ ဝပ်နေတဲ့အချိန် ကျမတို့က အချိန်အကြာကြီး ဝပ်မနေနိုင်လို့ သူအပေါ့အပါးသွားဖို့ ထလိုက်တယ်။ ထလိုက်တဲ့အချိန်မှာ သေနတ်ကျည်ဆံထိပြီး ဦးခေါင်းပွင့်ထွက်သွားတဲ့ ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာ၊ သူတို့သုံးယောက်။ သူတို့ (၃) ယောက်ဆုံးသွားတာကို ညနေပိုင်းမှာ ကျမတို့သိရပြီ။ သူတို့သေဆုံးသွားပေမဲ့ နာရေးလုပ်ဖို့ ကျမတို့ ခွင့်မရသေးဘူး။ အဲ့သလိုနဲ့ ညနေကျတော့ ကျမတို့အားလုံး ဘုန်းကြီးကျောင်းကို ရောက်သွားကြပြီ။ ဘုန်းကြီးကျောင်းမှာ ကျမတို့စုနေကြပြီးတော့ အပြင်ထွက်ခွင့် မရတော့ဘူး။ ဘုန်းကြီးကျောင်းဝင်းမှာပဲ ပိတ်မိခံနေရတယ်။ နောက်ရက် မနက် ၆ နာရီလောက်မှာ အလောင်းမြေမြုပ်သင်္ဂြိုလ်ဖို့ ကျမတို့ကို ခဏလေးပဲ အချိန်ပေးတယ်။ သင်းအုပ်ဆရာရေ၊ မိသားစုရေ၊ မြေမြုပ်ရာမှာ ကူညီဖို့ ယောကျ်ားတစ်ချို့နဲ့ နေအိမ်ခြံဝင်းထဲမှာပဲ မြေမြုပ်ထားခဲ့တယ်။ ဆုတောင်းအခမ်းအနားတွေ မလုပ်လိုက်ရဘူး။ ပြီးတော့ ကျမတို့ စုပြီးခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းမှာလည်း သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက် လူတွေပြည့်ကျပ်နေလို့ အောက်ဆီဂျင်နည်းသွားတဲ့ သဘောထင်တယ်။ အဲ့ဒီမှာ အသက်ဆုံးသွားတယ်။ ညနေ ၆ နာရီလောက်မှာ ဆုံးသွားတယ်။ ကျမတို့က စိုးရိမ်တယ်။ ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်လာမလဲ၊ ဘယ်ကိုထပ်ပြေးရမလဲ မသိရတော့ သေဆုံးသွားတာနဲ့ ကိုယ်တောင်မှ နွေးနွေးလေးပဲရှိသေးတဲ့အချိန်မှာ သင်းအုပ်ဆရာတွေ၊ မိသားစုတွေနဲ့ အလျင်အမြန်သွားပြီး သူတို့ရဲ့ နေအိမ်ခြံဝင်းထဲမှာပဲ မြေမြုပ်သင်္ဂြိုလ်ခဲ့ရတယ်။ ဒါကြောင့် အခုက ရွာထဲမှာပဲ မြေမြုပ်သင်္ဂြိုလ်ထားခဲ့ရတဲ့သူတွေ (၄) ယောက် ရှိတယ်။”
ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းက ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျေးရွာအတွင်း ပိတ်မိခဲ့စဉ်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ KIO/KIA နဲ့ မြန်မာ့တပ်မတော်ကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားပြီးနောက် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပြီး ပြည်သူတစ်သိန်းကျော်ဟာ အာဏာမသိမ်းခင်ကတည်းက စစ်ရှောင်ခဲ့ကြရပါတယ်။
မနူးနူး (အမည်လွှဲ) ဟာ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကလေးငယ်အရွယ်ကတည်းက ဝိုင်းမော်မြို့နယ် နန့်ဇော်ယန်ကျေးရွာကနေ စစ်ရှောင်ခဲ့ရပြီး အခုမြစ်ကြီးနားမြို့က စစ်ရှောင်စခန်းတစ်ခုမှာ ခိုလှုံရင်း ကျောင်းတက်နေတဲ့ ကျောင်းသူလေးပဲ ဖြစ်ပါတယ်။
“သမီး မှတ်မိသလောက်ပေါ့နော်၊ ဒီစစ်ရှောင်မဖြစ်ခင်ကပေါ့၊ သမီးတို့ရွာမှာ စစ်ကြောင်းထိုးတာပေါ့၊ အဲ့လို စစ်သားတွေဆိုရင်လည်း ခဏခဏလာတယ်။ ပြီးတော့ သမီးတို့ရွာမှာဆိုလည်း စစ်သားတွေ ခဏခဏလာတယ်ဆိုတော့ စိတ်တွေရော မလုံခြုံဘူး။ ပြီးတော့ ကိုယ့်ရွာမှာ အဲ့လိုလာတယ်ဆိုတော့ အကုန်လုံးကလည်း စစ်ဖြစ်တော့မယ်ဆိုပြီးတော့ ပြောတယ်။ သမီးတို့တွေက စိတ်တွေမလုံခြုံ အဲ့လိုနဲ့ ကိုယ့်ရွာ ကိုယ့်နယ်မြေ ကိုယ့်ခြံတို့ကို ထားခဲ့ပြီးတော့ အခုလိုစစ်ရှောင်ခဲ့ရတယ်။”
စစ်ကိုင်းတိုင်းက မနှင်းဆီ (အမည်လွှဲ) လည်း ရူပဗေဒဘာသာရပ်နဲ့ တက္ကသိုလ်မဟာတန်း ပြီးထားတဲ့အချိန်မှာ စစ်အာဏာသိမ်းမှု ဖြစ်လာတဲ့အတွက် စစ်ရှောင်တစ်ယောက် ဖြစ်လာရသူ ဖြစ်ပါတယ်။ သူဟာ ဘဝတူစစ်ရှောင်ကလေးတွေကို အခက်အခဲတွေကြားမှာ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးနေသူ ဖြစ်ပါတယ်။
“ဒီကို မရှောင်လာခင်ကပေါ့နော်၊ အိမ်မှာနေရတာဆိုလို့ရှိရင် ထိတ်ထိတ်လန့်လန့်နဲ့ နေရတယ်ပေါ့။ ဘာကြောင့် မို့လို့လဲဆိုရင် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေ ခဏခဏ ဖြစ်ပေါ်တယ်။ ပြီးလို့ရှိရင် မထင်ရင် မထင်သလို ရိုက်နှက်ပြီးတော့မှ စစ်ဆေးတာတွေ ရှိတဲ့အတွက် ပေါ့နော်၊ ဒီလိုဖြစ်တဲ့အတွက် ဒီစစ်ရှောင်စခန်းကို ရှောင်လာရခြင်း ဖြစ်တယ်။ ဒီစစ်ရှောင်စခန်းရောက်လာတဲ့ အခြေအနေမှာကျတော့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရတယ်ပေါ့။ အထူးသဖြင့်ကတော့ ရေအခက်အခဲ၊ မီးအခက်အခဲ၊ ဖုန်းအားသွင်းစရာတောင်မရှိတဲ့ အခြေအနေမျိုးနဲ့ အရမ်းရင်ဆိုင်ရတယ် ပေါ့လေ။ အဲ့အချိန်မှာမှ လမ်းပန်းဆက်သွယ်ရေး ခဲယဉ်းတာကြောင့်ပေါ့၊ အခုဆိုရင် မိုးတွင်းအချိန်ကာလ ရောက်လာပြီဆိုတဲ့အတွက်ကြောင့် လမ်းပမ်းဆက်သွယ်ရေးက အင်မတန်ခဲယဉ်းတယ်ပေါ့။”
မနူးနူး ဟာ စစ်ရှောင်စခန်းမှာ ခိုလှုံရင်း ကြီးပြင်းလာသူဖြစ်ပြီးတော့ သူတို့မောင်နှမတွေထဲမှာ အကြီးဆုံးသမီး ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အစ်မကြီးအမိအရာ ဆိုသလို မွေးချင်းမောင်နှမ ၆ ယောက်ရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရင်း ကျောင်းတက်နေတယ်လို့ ပြောပါတယ်။
“ဒီစစ်ရှောင်စခန်းမှာ သမီးရဲ့ မောင်လေး၊ ညီမလေးတွေနဲ့ပေါ့။ မနက်ဆိုလည်း မောင်လေးတို့ ကျောင်းသွားဖို့ သမီးကအမေ့ကို ကူညီပေးတယ်။ ဖြစ်နိုင်သလောက်တော့ သမီးလည်း ကြိုးစားပြီး ကူညီပေးတယ်။ မနက်ဆိုလည်း စောစောထပေးတယ်။ မနက်ဆို ၄ နာရီ၊ ၅ နာရီပုံမှန်ထတယ်။ ၄ နာရီမဟုတ်ရင် ၅ နာရီပုံမှန်ထပြီးတော့ ထမင်းချက်ကျွေးတယ်။ ကျောင်းသွားဖို့ဆိုလည်း မောင်လေးကို ရေအတူခေါ်ချိုးပြီးတော့ ကျောင်းသွားတယ်။ ညနေပြန်လာလည်း အမေ့ကို အမေပြီးနိုင်သလောက်ပြီးထားတဲ့ အလုပ်ကိုလိုက်ပြီး ကူညီပေးပြီး၊ မောင်လေးကို ရေအတူခေါ်ချိုးပြီး ညဆိုစာအတူခေါ်ကျက်ပြီး၊ ပြီးတော့ မောင်လေးတွေနဲ့ အတူတူအိပ်တယ်။”
ဘယ်အချိန် လက်နက်ကျလာမလဲ၊ ဘယ်အချိန် စစ်ကြောင်းထိုးလာလို့ ထပ်ပြေးရမလဲ နေ့စဉ် မလုံခြုံတဲ့ကြားထဲကနေ စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးနေရတဲ့ ဆရာမ မနှင်းဆီ ပြောတာက
“စစ်ရှောင်စခန်းမှာ ဘာကြောင့်မို့လို့ စာသင်နေရလဲဆိုတဲ့ အတွက်ပေါ့နော်၊ အခုလူငယ်လေးတွေ၊ ကလေးပိစိလေးတွေကအစပေါ့၊ သူတို့ရဲ့ ပညာမတတ်ပဲနဲ့ သူတို့မှာ နာမည်တောင် မရေးတတ်တဲ့အဆင့် အခြေအနေပေါ့နော်၊ အဲ့ဒီရဲ့ အခြေအနေတွေကို ကျော်ဖြတ်ချင်တဲ့အတွက် ပေါ့နော်။ ပြီးလို့ရှိရင် ဒီတော်လှန်ရေးမှာလည်း ပါဝင်တဲ့အနေနဲ့ပေါ့လေ။ ဒီစစ်ရှောင်စခန်းမှာ ပညာသင်ပေးဖြစ်တယ်ပေါ့။ ဘာကြောင့်မို့လဲ ဆိုလို့ရှိရင် သူတို့ကို အရမ်းခေတ် ပညာတတ်တဲ့လူ၊ တွေးခေါ်နိုင်တဲ့လူ ဖြစ်စေချင်တာမို့လို့ပေါ့နော်။ အဲ့တာကြောင့်မို့လို့ စာသင်ကြားပေးရခြင်း ဖြစ်တယ်။ ပြီးလို့ရှိရင် ဒီစာသင်ကြားပေးတဲ့နေရာမှာ အခက်အခဲတွေတော့ အများကြီးရှိတယ်။ ဘာကြောင့်မို့လို့ဆိုလို့ရှိရင် စစ်ရှောင်စခန်းဆိုတဲ့အတွက် သင်ထောက်ကူမလုံလောက်တာရော၊ ပြီးလို့ရှိရင် ကျောင်းသူ၊ ကျောင်းသားရဲ့ ကျန်းမာရေးနဲ့ တကိုယ်ရည်သန့်ရှင်းရေးကအစ ပေါ့နော်၊ လိုအပ်ချက်တွေက အများကြီးရှိတယ်။ အဲ့တာဆိုတဲ့အတွက် သူတို့မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်၊ အခက်အခဲတွေလည်း အများကြီးရှိတယ်။ လက်နက်ကြီးကလည်း အမြဲပစ်ခတ်နေတယ်ပေါ့၊ ပစ်ခတ်နေတဲ့အတွက် ကလေးတွေရဲ့ လုံခြုံရေးကလည်း ပိုပြီးတော့မှ အခက်အခဲတွေ အများကြီးဖြစ်တယ်။ ဆရာ၊ ဆရာမတွေ အတွက်လုံခြုံရေးကလည်း အခက်အခဲတွေ အများကြီးဖြစ်တယ်။ အဓိကကတော့ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အရွယ်ရောက်တဲ့ ကလေးတိုင်း ပညာရေးကို သူ့အဆင့်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်သို့ ရောက်ရှိအောင် အတွက်ပေါ့နော်။ သူတို့မှာ အဓိကကတော့ ကိုယ်ခံပညာအတွက်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့်မိုလို့ အဓိက ဒီပညာရေးကို ဦးစားပေးပြီးတော့မှ သင်ကြားဖြစ်တာပါ။”
မနူးနူးကတော့ ဆရာဝန်ဖြစ်ချင်တဲ့ ကျောင်သူလေးဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ ခိုလှုံနေရပြီး ခက်ခဲတဲ့ မိသားစုထဲကဖြစ်ပေမဲ့ သူ့ရဲ့ မိဘနှစ်ဦးကလည်း မဖြစ်နိုင်ဘူးလို့ မပြောဘဲ သမီးဖြစ်သူကို ကြိုးစားဖို့သာ အားပေးစကားတွေ ပြောတတ်တယ်လို့ ဆိုပါတယ်။
“သမီးဖြစ်ချင်တဲ့ ဘဝရည်မှန်းချက်က ပေါ့နော်၊ ဆရာဝန်မလေး ဖြစ်ချင်ခဲ့တယ်ပေါ့နော်။ သမီးဘာလို့ ဒီဆရာဝန်တစ်ယောက်ကို ရည်ရွယ်ပြီး ရည်မှန်းချက်ကို ရွေးချယ်ခဲ့သလဲဆိုရင် သမီးရဲ့ မိသားစုမှာရော သမီးက လုပ်ပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ပြီးတော့ သမီးမိသားစု မကဘူးပေါ့နော်၊ မိသားစုမှာပဲ မဟုတ်ပဲနဲ့ သမီးတို့ရဲ့ ဒီ Camp မှာရော၊ သမီးက Camp က လူတွေ အခက်အခဲရှိပြီး ငွေရေးကြေးရေးမရှိပဲနဲ့ ဖျားနာနေတဲ့ သူတွေရှိရင်လည်း သမီးက သူတို့ကို ကူညီနိုင်မယ်လို့လည်း ယုံကြည်တယ်။ Camp မကဘူးပေါ့၊ ရွာတွေမှာရော ကူညီပြီးတော့ သူတို့ယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်လာမယ်လို့လည်း သမီးယုံကြည်ပြီးတော့ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။”
စစ်ရှောင်တွေကို စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းကျောင်းဆရာမကတော့ စစ်ရှောင်တွေကို ကူညီပေးဖို့၊ လက်နက်ကြီးနဲ့ လေယာဉ်ဗုံး အန္တရာယ်ကနေ ကင်းနိုင်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“ဒီစစ်ရှောင်စခန်းမှာဆိုလို့ရှိရင် သင်ကြားရေးအတွက်ကောပေါ့နော်၊ မိသားစုတွေကရော အခက်အခဲတွေ အများကြီးရှိတယ်။ လိုအပ်ချက်တွေလည်း အများကြီးရှိတယ်ပေါ့နော်။ ပြီးလို့ရှိရင် လက်နက်ကြီးကလည်း အမြဲပစ်ခတ်နေတာ ဆိုတဲ့အတွက်၊ ဒီအတွက် အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ဆောင်ပေးနိုင်မလဲပေါ့နော်၊ ကျွန်မအနေနဲ့ ကူညီပေးနိုင်တဲ့ဖက်က ကူညီပေးကြပါလို့ ပြောချင်တာပေါ့နော်။“
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြောင်းရွှေ့ခိုလှုံနေရသူ ၂.၅ သန်း ထိရှိနေတယ်လို့ ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ကချင်ပြည်နယ်မှာလည်း ၂၀၂၄ မတ်လ ကနေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ထိုးစစ်အသစ် စတင်ပြီးနောက်ပိုင်း စစ်ဘေးရှောင်နေရသူ (၁၈၀၀၀) ကျော်ထပ်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်ကြောင်းတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အနည်းဆုံး (၂၆၀) ရှိခဲ့ပြီး၊ အရပ်သားသေဆုံးသူ (၂၄၉၀) ဦးရှိနေပြီလို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ သုတေသန ထုတ်ပြန်ချက်အရ သိရှိရပါတယ်။