လူမျိုးရေးသွေးထိုးနှိုးဆော်မှု လှုပ်ရှားနေတဲ့ SNAJ ဘာလဲ၊ ဘယ်လဲ။
စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
3 July 2024 – Kachinwaves
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့ အေးစေတီနဲ့ ရာဒါကောင့်ရပ်ကွက်မှာ ကချင်အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူအမျိုးသား ၂ ဦးလုံးဟာ လည်ပင်းလှီးဖြတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး ၎င်းတို့ရဲ့လက်တွေကို ပုဆိုးတစ်ထည်တည်းက အစတွေနဲ့ ကြိုးတုပ်ထားသလို Shan Ni Judiciary – SNJ ဆိုတဲ့ ကဒ်ပြားတစ်ခုကို လက်ကြားထဲမှာ ညှပ်ထားခဲ့တာကို ဓာတ်ပုံတွေကတစ်ဆင့် တွေ့မြင်ရပါတယ်။
ရှမ်းနီဒေသတရားစီရင်ရေးအဖွဲ့ဆိုတာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်း၊ ဗန်းမောက်ဒေသနဲ့ ဟုမ္မလင်းဒေသတွေမှာ KIA နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တို့ကြား စစ်ရေး စတင်မတည်မငြိမ်ဖြစ်တဲ့ အချိန်ကစပြီး KIA ကို ပြင်းပြင်းထန်ထန် ရှုတ်ချတိုက်ခိုက်တဲ့ပို့စ်တွေ၊ ထုတ်ပြန်ချက်တွေကို ၎င်းတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ စတင်တွေ့ရှိလာရပါတယ်။ အဆိုပါအဖွဲ့ကို မြို့နယ် ၁၁ မြို့နယ်နှင့် ပြည်ပရောက် မျိုးချစ်ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းထားပြီး KIA ကို လက်တုံ့ပြန်မယ့်အဖွဲ့ဖြစ်တယ်လို့ “ရှမ်းနီဒေသတရားစီရင်ရေး”ဖေ့ဘုတ်စာမျက်နှာကနေ ထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါ Facebook page ကိုလည်း ၂၀၂၁ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်သုံးစွဲလာတာကို တွေ့ရပါတယ်။
Kachinwaves ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ SNAJ အဖွဲ့တင်ထားတဲ့ ပို့စ်တွေအများစုက လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ KIA အဖွဲ့အစည်းကို ဆန့်ကျင်လိုတဲ့ အကြောင်းအရာကို ဦးတည်ရေးသားထားတာကို တွေ့ရပါတယ်။ KIA လက်ချက်ကြောင့် သေဆုံးသူတွေအတွက် ပြန်လည်လက်တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်စာမျိုးတွေကိုလည်း တွေ့မြင်ရပါတယ်။ အဆိုပါ ဖေ့ဘုတ်စာမျက်မှာဟာ နောက်ပိုင်းမှာတော့ ငြိမ်ကျသွားပြီး နောက်ဆုံးမြင်တွေ့ရတဲ့ ပို့စ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တင်ထားခဲ့တဲ့ ပို့စ်ဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ “Shan Ni Area Judiciary” အမည်နဲ့ အသစ်ပြန်လည် ဖွင့်လှစ်လိုက်တဲ့ Facebook page မှာ လူမျိုးရေးအခြေပြုတဲ့ အမုန်းစကားလုံးတွေကို ရွေးချယ်အသုံးပြုလာတာကို တွေ့မြင်ရပါတယ်။ ဥပမာအားဖြင့် နမ့်မွန်းမြို့အဝင် ဆိုင်းဘုတ်မှာ ကချင်မနောင်တိုင် အမှတ်တံဆိပ် စိုက်ထူမယ်ဆိုရင် SNAJ အဖွဲ့ရဲ့ သုတ်သင်ရှင်းလင်းမှုကို ခံရမယ်ဆိုတဲ့ စကားလုံးမျိုးတွေကို အသုံးပြုလာသလို ရှမ်းနီလူမျိုးတွေအနေနဲ့ ကချင်ဆိုင်တွေမှာ ဈေးဝယ်ခြင်း၊ ကချင်အဝတ်အထည်တွေ ဝတ်ဆင်ခြင်း၊ ကချင်အိမ်ကို သွားရောက်လည်ပတ်ခြင်း မပြုကြဖို့ တိုက်တွန်းတဲ့ လူမျိုးရေးခွဲခြားမှုကို ဗဟိုပြုတဲ့ အရေးအသားတွေ သုံးစွဲလာတာကို မြင်တွေ့ရပါတယ်။
လူမျိုးရေးသွေးခွဲမှုကို ဦးတည်တဲ့ SNAJ အဖွဲ့ဟာ အွန်လိုင်းမှာသာမက လက်တွေ့ပြင်ပမှာပါ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာတာကို တွေ့ရှိလာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စက်တင်ဘာ ၁၁ ရက်နေ့က ပင်းဘောကျေးရွာ၊ ပင်းကြိုင်းကျေးရွာမှာ ကချင်လူမျိုးတွေ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်တဲ့အချိန် အမည်မသိလူနှစ်ဦးဟာ ဘုရားကျောင်းထဲ ဝင်ရောက်လာခဲ့ပြီး ဆာလာအိတ်ထဲ ထည့်လိပ်ထားတဲ့ သေနတ်တွေကို ထုတ်ပြပြီးနောက် သူတို့ကိုယ်သူတို့ PDF လို့ ညွှန်းဆိုပြီး ဘုရားကျောင်းရန်ပုံငွေတွေနဲ့ ဘုရားကျောင်းလာတက်သူတွေရဲ့ ဖုန်းတွေကို ဓားပြတိုက်ယူဆောင်သွားခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ တစ်နှစ်ကျော်ကြာပြီးနောက် အသစ်ပြန်ဖွင့်ထားတဲ့ Shan Ni Area Judiciary Page မှာ ၂၀၂၄ ဇန်နဝါရီ ၂၅ ရက်နေ့က ပင်းကြိုင်းဘုရားကျောင်းဖြစ်စဉ်ကို အခုလိုပြန်လည် ဖော်ပြခဲ့ပါတယ်။
KIA အဖွဲ့တွေအနေနဲ့ ဗန်းမောက်က ရှမ်းနီအမျိုးသားရေးလှုပ်ရှားတဲ့ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် SNAJ အနေနဲ့ ကချင်လူမျိုးတွေအပေါ် လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ အစီအစဉ်အနေနဲ့ ပင်းဘော၊ ပင်းကြိုင်းက ကချင်လူမျိုးတွေ ဘုရားကျောင်းတက်တဲ့အချိန် တံခါးပိတ်မီးရှို့ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် စာနာစိတ်ကြောင့် မလုပ်ဖြစ်ခဲ့ဘူးဆိုပြီး ပြန်လည်ရှင်းပြ ရေးသားထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် KIA က ရှမ်းနီဒေသမှာ အခွန်ကောက်ခံပြီး အကျိုးအမြတ်ကို ကချင်စစ်ဘေးရှောင်နဲ့ ဘာသာရေးအသိုင်းအဝိုင်းမှာ အသုံးချနေတာကြောင့်၊ ဧပြီ ၉ ရက်နေ့မှာ ယဉ်ကျေးမှုတော်လှန်ရေး စတင်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ဧပြီ ၁၂ ရက်နေ့မှာ မိုးညှင်းမြို့ အောင်သပြေ (၁) ရပ်ကွက်မှာရှိတဲ့ စိန့်ပတ်ထရစ်ဘုရားကျောင်းမှာ ဝတ်ပြုနေတဲ့ ဖာသာပေါလ်ခွေရှိန်းအောင်ကို သေနတ်သမားနှစ်ယောက်က လာရောက်ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
လေ့လာတွေ့ရှိချက်အရ SNAJ အဖွဲ့ လှုပ်ရှားနေရာတွေဟာ ရှမ်းနီလူမျိုးအများစု နေထိုင်ကြတဲ့ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ပင်းဘော အစရှိတဲ့နေရာတွေဖြစ်ပြီး ခြုံငုံပြီးပြောရမယ်ဆိုရင် မိုးညှင်းခရိုင်အတွင်း အဓိက လှုပ်ရှားမှုရှိတယ်လို့ ယူဆရပါတယ်။ SNAJ အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်မှ ချိန်ကိုက် တက်ကြွလှုပ်ရှားလာတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံနဲ့ လူမျိုးရေးသွေးခွဲ နှိုးဆော်လှုပ်ရှားနေတဲ့ အဖွဲ့တစ်ခုပဲလို့ သုံးသပ်ရပါတယ်။