အင်းတော်မြို့ကို ကွင်းတဲ့လမ်းမှာ ကားသမားနဲ့ ပြည်သူတစ်ချို့ရိုက်နှက်ခံရတယ်လို့ ပြော
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က မြို့ထဲကိုကွင်းတဲ့လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေ ဂိတ်ထိုင် အခွန်ကောက်နေပြီး ပြည်သူနဲ့ ကားသမားတစ်ချို့ ရိုက်နှက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကနေ စတင်ဂိတ်ထိုင်ပြီး လမ်းဖြတ်ခလို့ပြောပြီး ခရီးသည်ကားတစ်စီးအတွက် (၃) သောင်းကျပ် ကောက်ခံတယ်လို့ ခရီးသည်ကားမောင်းတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ပထမက ဘာကြေးလဲလို့ မေးတော့ အထက်က ကောက်ခိုင်းတာလို့ ပြောတာ။ နောက်တစ်ခါ ထပ်မေးတော့ လမ်းဖြတ်ခဆိုပြီးတော့ ကောက်တာတဲ့။ ဖြတ်လိုက်ရတဲ့ ကွန်ကရစ်လမ်းက စစ်ကိုင်းတံတားလောက်တောင် မရှည်ပါဘူး။ အဲ့တာကို (၃) သောင်းလောက် တောင်းတယ်ဆိုတော့ များတာပေါ့။”လို့ ကားသမားက ပြောပါတယ်။
ထို့ပြင် မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာ လမ်းပိတ်တဲ့ အကြောင်းရင်းမေးမိလို့ ခရီးသည်တင် ယာဉ်မောင်းတစ်ဦး ပါးရိုက်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲ့ဂိတ်က ပကဖတွေက အရက်မူးနေကြတာ များတယ်။ ညနေ ၆ နာရီဆို ဒေသခံပါ့နေနေ ဘာမှနေနေ အဲ့နေရာဖြတ်မိရင် ဆဲတယ်။ ရိုက်တယ်။ လက်ပင်းပေါ်ဓားတင်ပြီး ကြိမ်းတာတောင် ရှိတယ်ပေါ့။ မနေ့ကဆို ကားဆရာတစ်ဦးက လမ်းပိတ်လို့ ဘာကြောင့်ပိတ်တာလဲလို့ မေးမိတာကို ပါးရိုက်လွှတ်လိုက်တယ်လေ။”လို့ ပြောပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အင်းတော်မြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံကို Signal ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။
အင်းတော်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေလို့ မန္တလေး – မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးကို ပိတ်ထားခဲ့ပြီး ဩဂုတ်လ ၂၁ ရက်လောက်မှာတော့ အင်းတော်မြို့ကိုကွင်းပတ်တဲ့လမ်းကို ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။