ဈေးကောက်နှုန်း လျှော့ချပေးစေလိုပြီး၊ ယခင်ဈေးစောင့်များက ယခုစစ်ဝတ်စုံနှင့် သေနတ်ကိုင်ပြီး ဈေးကောက်နေမှုကြောင့် အဆင်မပြေမှုများရှိနေကြောင်း ကွတ်ခိုင်ပျံကျဈေးသည်များပြော
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄) တွင် ဖွင့်လှစ်ထားသော ပန်းခြံဈေးခေါ် ရေထွက်ဦးပန်းခြံဈေး၌ ဈေးကောက် အဆမတန် ကောက်ခံနေ၍ ဒေသခံပျံကျဈေးသည်များ အခက်အခဲကြုံနေရကြောင်း သိရသည်။
“အရင်ကတော့ ဈေးကောက်ကောက်တာ မရှိဘူး။ အခုမှပဲ သန့်ရှင်းရေးခဆိုပြီး ကျမတို့ကို ၇ ထောင် (ကျပ်) တောင် ကောက်တာ။ ကျမတို့က တစ်နေ့ရောင်းမှ အဲ့လောက်တောင်(အမြတ်) မရှိဘူး။ တစ်လဆိုရင် (၂) သိန်းကျော်ကျ သွားပြီ၊ အဲ့လောက်ကြီးကျတော့ အဆင်မပြေတော့။”ဟု ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
လေယာဉ်ဗုံးကြဲခံရသောကြောင့် ကွတ်ခိုင်မြို့မဈေး မီးလောင်ကျွမ်းသွားသဖြင့် ပျံကျဈေးသည်များ ဈေးရောင်းရန် နေရာခက်ခဲလျက်ရှိကြောင်း ဒေသခံဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
“ဈေးကြီးက မီးလောင်သွားတော့ ကျမတို့လည်း ဈေးရောင်းရမယ့် နေရာမရှိဘူး။ အဲ့တော့ ဒီပန်းခြံဈေးမှာ လာရောင်းနေရတာ။ သူတို့က အခုကျမတို့ ရောင်းနေတဲ့နေရာမှာ မရောင်းခိုင်းဘူး။ ပြီးတော့ ဈေးအတွင်းထဲမှာ ရောင်းဖို့ကျပြန်တော့လည်း နေရာမလုပ်ပေးဘူး။ အဲ့တော့ ကျမတို့ ပျံကျဈေးသည်တွေက ဈေးအပြင်မှာ ရောင်းကြတာ။ အဲ့ဒါကို ဒဏ်ရိုက်တဲ့သဘောမျိုးနဲ့ ဈေးကောက်ကို အခုလိုကောက်တာလို့တော့ သူတို့ ပြောတာပဲ။”ဟု ပြောသည်။
ဈေးကောက် လိုက်လံကောက်ခံသူများမှာ MNDAA ဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသော ယခင်ကတည်းက ဈေးအတွင်း ညစောင့်လုပ်သော လူငယ်များသာဖြစ်ကြောင်း သိရသည်။
“ကျမတို့က အိမ်ကအသီးအရွက်တွေ ခူးပြီးလာရောင်းတာ၊ ကျမတို့ ပစ္စည်းအားလုံးရောင်းရမှ တစ်သောင်း မမြတ်ဘူး။ ဈေးကောက်က တအားများတယ်။ သူတို့တောင်းတဲ့အတိုင်း မပေးနိုင်ရင် ကျမတို့ပစ္စည်းတွေကို သိမ်းသွားသေးတယ်။ ဈေးကောက်တဲ့သူတွေကလည်း MNDAA ဝတ်စုံတွေ ဝတ်ထားတယ်။ သေနတ် တွေလည်း ပါတယ်။ စကားပြောတာလည်း တအားရိုင်းတယ်။ အရင်က ဒီဈေးက ညစောင့်တဲ့သူတွေပဲ အခုမှ ကိုးကန့်ဝတ်စုံတွေနဲ့ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။”ဟု ကုန်စိမ်းရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ပျံကျဈေးသည်များအတွက် နေရာများသတ်မှတ်ပေးပြီး ဈေးကောက်နှုန်းကိုလည်း လျှော့ပေါ့ပေးရန် ပျံကျဈေးသည်များအလိုရှိကြောင်း ဒေသခံဈေးသည်များက ပြောသည်။
“ဒီဈေးက မနက်ခင်းလေးပဲ ရောင်းတာ မနက် ၄ နာရီလောက် ဈေးလာခင်းတယ်။ ၉ နာရီ ၁၀ နာရီလောက်ဆို ဈေးသိမ်းပြီ။ အဲ့တော့ ကျမတို့အတွက် နေရာလေး သတ်သတ်မှတ်မှတ် လုပ်ပေးပြီး ဈေးကောက်ကိုလည်း တစ်ထောင်၊ နှစ်ထောင်လောက်ကောက်ရင် တော်ပြီပေါ့။ အခုကာလက ဒီလောက်ခက်ခဲနေတာ ဈေးသည်တွေကို ကြည့်ပေးသင့်တယ်။ အခုလိုဈေးသည်တွေရဲ့ အခက်အခဲတွေကိုလည်း ဘယ်မှာ သွားပြော ပြီး၊ ဘယ်မှာတိုင်ရမလဲ မသိဘူး။ အောက်ခြေမှာ ဖြစ်နေတာတွေကို သူတို့အထက်ကလည်း သိလားမသိလား မသိဘူး။”ဟု ကုန်ခြောက်ရောင်းသူ ဈေးသည်အမျိုးသားတစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့၊ ရေထွက်ဦးပန်ခြံ ဈေးအတွင်းတွင် ဆိုင်ခန်းငှားများရှိသည့်အပြင်၊ အခန်းငှားနေထိုင်သူများလည်း ရှိသောကြောင့် ဈေးအတွင်း ပစ္စည်းပျောက်ဆုံးမှုများလည်းရှိကြောင်း သိရသည်။
“ကျတော်တို့က ဆိုင်ခန်းငှားထားတော့ နည်းနည်းအဆင်ပြေတယ်။ ဈေးသိမ်းတာနဲ့ အခန်းထဲပစ္စည်းတွေသိမ်း ထားခဲ့လိုက်တယ်။ တစ်ချို့ဆိုင်ခန်းနဲ့ မဟုတ်တဲ့သူတွေက ညဘက်ပစ္စည်းတွေ ပျောက်တာတွေရှိတယ်။ အဲ့တော့လည်း ဘယ်သူက တာဝန်မယူပေးဘူး။ ဈေးကလည်း ဈေးနဲ့မတူတော့ပါဘူး။ ကားကွင်းနဲ့ပဲတူတော့ တယ်။ အိမ်ခန်းငှားတွေကော၊ စစ်သားတွေကော ရှုပ်နေတာပဲ။”ဟု ဆိုင်ခန်းငှားထားသူ ဈေးသည်တစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့တွင် မြို့မဈေးနှင့် ပန်းခြံဈေး (သို့မဟုတ်) ရပ်ကွက် (၄) ဈေးခေါ် ရေထွက်ဦးပန်းခြံဈေးဆိုပြီး ဈေးကြီးနှစ်ခုရှိကာ ပန်းခြံဈေးကို အများပိုင်နေရာဖြစ်သည့် ရေထွက်ဦးပန်းခြံအတွင်း တည်ဆောက်ထားသောကြောင့် ဒေသခံများအကြား ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။