မိုးမိတ်၊ မြစ်ဆုံကျေးရွာ ပြည်သူများ TNLA ကို ဆန္ဒပြ
21 June 2024 – Kachinwaves
တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ အခွန်အခ အဆမတန်ကောက်ခံမှုကို မလိုလားတဲ့အတွက် မိုးမိတ်၊ မြစ်ဆုံကျေးရွာမှာ အရပ်သားပြည်သူတွေ ဒီကနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကြား ဆက်သွယ်ရေးလမ်းမပေါ်မှာရှိတဲ့ မြစ်ဆုံကျေးရွာမှာ ဂိတ်ထိုင်နေတဲ့ TNLA တပ်ဖွဲ့ဝင်တွေအနေနဲ့ ဖြတ်သန်းသွားလာတဲ့ ကားတွေအပေါ် အခွန်အခ အဆမတန်ကောက်ခံမှုကို မကျေနပ်တဲ့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဒေသနေပြည်သူတစ်ဦးက ဆိုပါတယ်။
“ပြည်သူလူထုနဲ့ သဟဇာတမကျတာပေါ့ TNLA အဖွဲ့အစည်းနဲ့ ဒီလိုပေါ့၊ အခွန်ကောက်ခံမှုနှုန်းတွေ များတဲ့အတွက်ကြောင့်မို့ အချက်လေးချက်နဲ့ ပြည်သူလူထုက ဆန္ဒပြတောင်းဆိုတာပေါ့။”လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ “လက်နက်အားကိုးနဲ့ ပြည်သူလူထုပေါ် အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် အလိုမရှိ၊ TNLA ရဲ့ အခွန်ကောက်မှု စနစ်ပုံစံအလိုမရှိ၊ TNLA ရဲ့ လူထုပေါ်ဆက်ဆံနေတဲ့ ပုံစံအလိုမရှိ၊ TNLA ထွက်ခွာပေးဖို့” တောင်းဆို ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလောက်ကစပြီး မြစ်ဆုံရွာနားမှာ ဂိတ်စတင်ထိုင်ခဲ့ပြီးနောက် လမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်၊ ကားတွေထံက အခွန်ကောက်ခံမှုတွေ စတင်ပြုလုပ်လာခဲ့ကြောင်း ဆိုပါတယ်။
လမ်းပိုင်းကို ပုံမှန်လိုလိုဖြတ်သန်းလေ့ရှိတဲ့ ကားတွေဟာ တစ်နှစ်စာကြေး အခွန်ဆောင်ရတဲ့အပြင် ခေါက်တုံ့ခေါက်ပြန် ခါလီကြေးအတွက်ပါ သီးသန့်ပေးဆောင်ရသေးတယ်လို့ သူကဆိုပါတယ်။
ကားအရွယ်အစားအလိုက် အခွန်အခပေးဆောင်ရပြီး ဥပမာအားဖြင့် ခြောက်ဘီးကားတစ်စီးလျှင် တစ်နှစ်စာ ၆ သိန်း အခွန်ပေးဆောင်ရတဲ့အပြင် ဂိတ်ကိုဖြတ်သန်းစဉ်တိုင်း အသွား ၄ သိန်း၊ အပြန် ၄ သိန်း စုစုပေါင်း ၈ သိန်းကျပ်ကို ထပ်မံပေးဆောင်ရကြောင်း ပြောပြပါတယ်။
“တစ်နှစ်စာကောက်ပြီးတဲ့အပြင် ကုန်တစ်ခေါက်သွားတိုင်း အသွား ၄ သိန်း၊ အပြန် ၄ သိန်း သပ်သပ်ပြန်ပေးရတယ်။ သဘောမှာ ၂၀/၂၂ ပေ ကား နည်းနည်းကြီးတယ်ဆိုရင် ၅ သိန်းလောက် ကောက်တယ်။ တစ်နှစ်စာ ၅ သိန်းအပြင် အသွား ၅ သိန်း၊ အပြန် ၅ သိန်း သပ်သပ်ပြန်ကောက်တယ်။”
ဂိတ်တွေမှာ အခွန်အခ တိုးမြှင့်ကောက်ခံမှုတွေကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်လာတဲ့ အကျိုးဆက်ကို ပြည်သူတွေက ခံစားရတဲ့အတွက် အခွန်အခလျှော့ပြီးကောက်ခံဖို့ တောင်းဆိုပေမယ့် တစ်ဖက်အဖွဲ့က ညှိနှိုင်းပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။
“မလျှော့ပေးနိုင်ဘူး။ မပေးနိုင်ရင် မမောင်းနဲ့ပေါ့။ ဒါပဲရှိတယ် သူတို့ပြောတာ။ အရင်တုန်းက ကားတွေတော်တော်များတယ်။ နောက်ပိုင်းကျ ကားတွေမရှိတော့ဘူး။ ကြဲလာတာပေါ့။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အခုလို ဒေသနေပြည်သူလူထုနဲ့ မပြေလည်မှု၊ တင်းမာမှုတွေဖြစ်ပေါ်နေတာကို အထက်တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်ဖြေရှင်းပေးစေလိုတယ်လို့ မိုးမိတ်ဒေသခံ လူငယ်တစ်ဦးကလည်း ဆိုပါတယ်။
“လူကြီးတွေအနေနဲ့ အကောင်းဆုံးအဖြေရှာပြီး ပြည်သူ့ဆန္ဒလိုက်လျောဖို့ မျှော်လင့်တယ်။ အကုန်လုံးက ခက်ခဲနေတဲ့အချိန်မှာ အခွန်အခကောက်တာကြီးက မဖြစ်သင့်ဘူးလို့ မြင်တယ်။ လက်ဖက်ရည်ဖိုးလောက်ဆိုလဲ မပြောလိုပါဘူး။”
မိုးမိတ်မြို့မှာ ၂၀၂၄ ဇန်နဝါရီလက KIA၊ KPDF၊ ABSDF နဲ့ AA စတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြပေမယ့် ထိုးစစ်ကိုပြန်လည်ဆုတ်ခွာခဲ့ပြီး အခုလက်ရှိ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှု ရယူထားတာ ဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီစိုးမိုးထားတဲ့ မိုးမိတ်မြို့နဲ့ KIA တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့ကြားက မြစ်ဆုံကျေးရွာမှာ TNLA က အထိုင်ချထားတာပဲ ဖြစ်ပါတယ်။