မြစ်ဆုံအထက် ရွှေလုပ်ကွက်တစ်ခုမှာ အင်းတော်မှ လူငယ်တစ်ဦး ရေထဲမျှောပါသွားပြီး ပျောက်ဆုံးနေ
5 June 2024 Kachinwaves
ကချင်ပြည်နယ်၊ မြစ်ဆုံအထက် မလိခ ရွှေလုပ်ကွက်တစ်ခုမှာ မေလ ၃၁ ရက်နေ့က ရေကြီးလို့ စစ်ကိုင်းတိုင်း အင်းတော်မြို့မှ အလုပ်ဝင်လုပ်သူ လူငယ်တစ်ဦး ရေထဲမျှောပါ ပျောက်ဆုံးသွားပြီး အလောင်းကို ရှာမတွေ့သေးကြောင်း ၎င်းလူငယ်အမျိုးသားနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းရေထဲမျှောပါသွားပြီး ပျောက်ဆုံးနေသူသည် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီပိန်းရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ထိန်လင်းဦး ဖြစ်ကြောင်းသိရပြီး ညနေ ၄ နာရီအချိန်၊ ရေထဲမျှောပါခါနီးဖြစ်နေသည့် မျှောဖောင်တစ်ခုကို ဆွဲတင်စဉ် ရေထဲပါသွားခဲ့သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
“ကောင်လေးက ငယ်သေးတယ်။ အကြီးဆုံးသားပဲ။ အလုပ်လုပ်မယ်ဆိုပြီး မြစ်ကြီးနားကို တက်သွားတာပေါ့။ မြစ်ဆုံအထက်က ရွှေမျှောမှာလုပ်နေတာလို့တော့ ကြားတယ်။ အဲ့ဒီမြစ်ဆုံမှာ ရေကြီးတော့ မျှောဖောင်က ရေထဲမျှောမလိုဖြစ်တော့ အားလုံးဝိုင်းဆွဲတင်ကြတာ၊ အဲ့ဒီကောင်လေးက အရှေ့ဆုံးကနေ လက်မှာကြိုးကိုရစ်ပြီး ဆွဲတော့ ရေအားနဲ့မနိုင်ပဲ မျှောဖောင်နဲ့အတူ ပါသွားတော့တာ ရေစီးကလည်း တအားကြမ်းတော့ အခုထက်ထိ ရှာလို့မရသေးဘူး။”ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် မေလနောက်ဆုံးပတ်မှ ယနေ့အချိန်ထိ ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်း ရှိနေသည်။