လွယ်ဂျယ်မြို့ ပြည်သူများနှင့် KIO အုပ်ချုပ်ရေးအဖွဲ့တို့ ရပ်ကွက်အလိုက် လူထုတွေ့ဆုံပွဲ ပထမဆုံး အကြိမ်ပြုလုပ်ခဲ့
5 June 2024 – Kachinwaves
လွယ်ဂျယ် နယ်စပ်မြို့ကို အပြီးသိမ်းပိုက်ပြီး ရက်ပေါင်း ၅၀ ကျော်အတွင်း KIO အုပ်ချုပ်ရေးဝန်ထမ်း ဆလံကဘာ (Salang Kaba) များနှင့် လူထုတွေ့ဆုံပွဲ ရပ်ကွက်အလိုက် ပထမဆုံးအကြိမ် ပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ လွယ်ဂျယ်မြို့ပေါ် တစ်ရပ်ကွက်ချင်းစီရှိ ရပ်မိရပ်ဖ ပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုခဲ့သည်ဟု လွယ်ဂျယ်ဒေသခံလူငယ်တစ်ဦးက ပြောသည်။
“ရပ်ကွက်တစ်ခုချင်းစီ အိမ်ခြေ ၁၁၀ ခန့်မှ မိဘပြည်သူ ၉၀ ခန့်၊ စုစုပေါင်းရပ်ကွက် ၅ ခုမှ မိဘပြည်သူအယောက် ၄၅၀ ခန့်နှင့် လူထုတွေ့ဆုံပွဲပြုလုပ်ခြင်း ၃ – ၆ – ၂၄ တွင် စတင်ပြီး ၅ – ၆ – ၂၄ တွင် ပြီးစီးခဲ့ပါသည်။”ဟု Kachin Waves ကို ရေးသားပေးပို့သည်။
အသက် ၃၀ နှစ်ပတ်ဝန်းကျင်ခန့်ရှိသည့် လူငယ်က ရန်ကုန်တွင် အလုပ်လုပ်လျှက် ရောက်ရှိနေခဲ့သော်လည်း တာဝန်ထမ်းဆောင်ရန် ပြန်လာသည်ဟု မိတ်ဆက်ပြောဆိုခဲ့ကြောင်း သတင်းပေးပို့သူ လူငယ်က ပြောသည်။
“ကချင်လိုလည်း ရတယ်။ မြန်မာစကားလည်း မွတ်တယ်။ ရှမ်းညီကိုမောင်နှမတွေ များတဲ့နေရာမှာ ရှမ်းစကားပြန်နဲ့ ပြောတယ်။ တရုတ်လူမျိူးတွေ များတဲ့နေရာမှာ တရုတ်စကားပြန်နဲ့ သွားတယ်။ လူထုကို ဆက်ဆံရင် လူထုနားလည်တဲ့ စကားနဲ့အရင်ပြောမှရမယ်။ ပြီးမှအတူတူ ဆုံမှတ်တွေကို သွားလို့ရမှာတဲ့။ ဒီဘဲမဆိုးဘူးလို့ မှတ်ချက်ပြုမိတာပဲ။ လူမျိုးစုံနေတဲ့ ကုန်သွယ်ရေးမြို့မှာ ရေခံမြေခံမိတယ်ပေါ့။”ဟု ပြောသည်။
တွေ့ဆုံပွဲတွင် လွယ်ဂျယ်မြို့ကိုစသိမ်းပြီး ဧပြီ ၉ ရက်နေ့မှ ယနေ့အထိ ၅၇ ရက်တာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ပြောပြခဲ့ပြီး ရှေ့ဆက်လုပ်မယ့် အကြောင်းအရာများကို ရှင်းပြကြောင်းနှင့် မြို့ဘေးကင်းလုံခြုံရေးအတွက် CCTV စီမံချက်တွင် ပါဝင်ကူညီကြသည့် မြို့သူမြို့သားအပေါင်းကို ကျေးဇူးတင်ကြောင်းပြောပြီး လူဦးရေစိစစ်ရန်နှင့် စစ်တမ်းကောက်မည့်အကြောင်း ပြောကြောင်း သိရသည်။
“ထူးဆန်းတာက ကျနော်တို့ဟာ စွမ်းသလောက် အစွမ်းကုန်လုပ်ပေမယ့် လိုအပ်ချက်တွေရှိနိုင်သေးတာမို့၊ မှားတာတွေရှိနိုင်တာမို့ တင်ပြပေးပါ၊ ပြောပြပါ၊ ထောက်ပြပါ ဆိုပြီး မိုက်ကိုပြည်သူတွေကို ထိုးပေးတဲ့အချက်ပဲ။ ဦးလေးအဒေါ် အမေအိုကြီးတွေဟာ မြောင်းပိတ်တဲ့ ကိစ္စကစလို့ မူးယစ်ဆေးအဆုံး၊ သူခိုးတွေကစလို့ သိမ်းဆည်းခံမြေယာတွေအဆုံး၊ အမှိုက်ဘယ်လို ခွဲပစ်ရမလဲကအစ ဘိန်းစားတွေ ဖမ်းပေးဖို့အဆုံး၊ မေးကြတင်ပြကြတာ တက်ရောက်လာတဲ့ ဆလံကဘာ (Salang Kaba) တွေအကုန် မှတ်စုတွေနဲ့ မှတ်တမ်းယူကြပြီး မေးခွန်းတစ်ခုချင်းစီကို ပြန်ဖြေကြားသွားတာ။”ဟု ပြောသည်။
အသက် ၃၀ နှစ်စွန်းစွန်း အသက်အရွယ်ရှိသည့် အုပ်ချုပ်ရေမှူးက “ကျောသားရင်သား မခွဲခြားအတူတူသွားကြမယ်ဆိုတဲ့အကြောင်းနဲ့ မြို့ဂုဏ်သိက္ခာနဲ့ ညီတဲ့မြို့ကို အတူချီတက်မယ်။”ဟု ပြောကြားခဲ့ကြောင်း လွယ်ဂျယ်ဒေသခံ လူငယ်က ပြောပါသည်။
ရပ်ကွက်အလိုက် လူငယ်အဖွဲ့များ ဖွဲ့ထားကြောင်းလည်း သိရသည်။
လွယ်ဂျယ်မြို့သည် မြို့နယ်ခွဲအဆင့်ရုံးစိုက်သည့် ကချင်ပြည်နယ်မှတရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ တစ်မြို့ဖြစ်သည်။