မံစီနဲ့ မိုးမောက်မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က အကျအဆုံးခံပြီး ခုခံကာကွယ်နေတယ်လို့ပြော
5 June 2024 – Kachinwaves
မိုးမောက်စစ်တပ်နဲ့ မံစီစစ်တပ်ကို တိုက်နေတဲ့တိုက်ပွဲတွေမှာ စစ်ကောာင်စီဘက်က အကျအဆုံးများတယ်လို့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
မိုးမောက် ခလရ (၄၃၇) နဲ့ မံစီ ခမရ (၃၁၉ နဲ့ ၆၀၁) ကို တိုက်နေတဲ့ အတောအတွင်း ဗန်းမော်ဘက်က စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအဖွဲ့တွေက ဖြတ်တိုက်ရာမှာ စစ်ကောင်စီဘက်က အကျအဆုံးများတာဖြစ်တယ်လို့ သိရပါတယ်။
မေ ၂၄ ရက်နေ့က မိုးမောက် ခမရ (၄၃၇) တပ်ဘက်ကို ရိက္ခာနဲ့ စစ်ကူအင်အားဖြည့်တဲ့အချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ရာမှာ စစ်ကောင်စီအလောင်း (၃၁) လောင်း တွေ့ခဲ့ရတယ်လို့ မိုးမောက်ဘက်မှာ တာဝန်ကျနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ပထမတစ်ခေါက်က ၄၃၇ ကို အင်အားဖြည့် တက်လာတာ။ ၁၈ လောင်း ကျန်ထားတယ်။ သူတို့အလောင်း၊ နောက်တစ်ခေါက်တက်တော့ ၁၃ လောင်း ပြန်ရတယ်တဲ့။”
မိုးမောက်မြို့သိမ်း တိုက်ပွဲတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ရုပ်အလောင်းကို ရှင်းလင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့မေလက မံစီ ခမရ (၃၁၉) ဘက်ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အနီးကပ်တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။
“သူတို့က တပ်ထဲကိုဝင်ဖို့ ပြင်တဲ့အချိန်မှာ ဖြစ်တာ။ ကိုယ့်ဘက်က အရင်ဦးတာ။ သူတို့က မျက်စိရှေ့တင် ၁၀ ကောင်လောက် ပုံလဲသွားတာ။ ၂ ယောက်ရဲ့အလောင်းပဲ ကျန်ထားတယ်။ ကျန်တဲ့ဟာ ဆွဲသွားတယ်။”
ခမရ (၃၁၉) တပ်စခန်းရဲ့ ရှေ့တန်းခံစစ် ဘန်ကာကို ဝင်ပစ်ခဲ့တဲ့အချိန်တုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။
မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်က စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ ဝန်းကျင်သိမ်းထားနိုင်ပြီဖြစ်ပြီး အခုလက်ရှိ ဝိုင်းမော်၊ မိုးမောက်၊ မံစီမြို့ (၃) မြို့ရဲ့ မြို့စောင့်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးအဖွဲ့တွေ ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။