ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုပြီး အယောက် ၂၀ ကျော်ပျောက်ဆုံးနေ
5 June 2024 – Kachinwaves
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင် ဆိုဒ်တစ်ခု မနေ့က မြေပြိုကျမှုဖြစ်ပြီး တရုတ်နိုင်ငံသားအပါအဝင် လူ ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မနေ့က မနက် ၈ နာရီကျော်လောက်မှာ ပန်ဝါမြို့ကနေ ၅ မိုင်လောက်ဝေးတဲ့ နေရာက ဒေသအခေါ် အမှတ် (၃) မြေရှားသတ္တုလုပ်ကွက် ဆိုဒ်တစ်ခု ပြိုကျမှုဖြစ်ပြီး လုပ်ကွက်ဆိုဒ်လုပ်သားတွေနဲ့ အထွေထွေလုပ်သားတွေ ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံထံကတစ်ဆင့် သိရပါတယ်။
“သတ္တုတူးတဲ့တောင် ပြိုတယ်ပေါ့။ အပေါ်ကနေပြိုပြီးတော့ အလုပ်သမားတွေ၊ သစ်ခုတ်တဲ့ အထွေထွေ အလုပ်သမားတွေပါတယ်။ ကျန်တဲ့သူတွေလည်း တော်တော်များများပါတယ်။ သတ္တုတူးတဲ့သူတွေ၊ သစ်ခုတ်တဲ့သူတွေ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။”လို့ ဒေသခံက ပြောပါတယ်။
တရုတ်နိုင်ငံသား ၄ ဦးလည်း မြေပြိုမှုကြောင့် ပျောက်ဆုံးတဲ့အထဲ ပါသွားပြီး လက်ရှိချိန်ထိ ရုပ်အလောင်း ၅ လောင်းသာ တူးဖော်နိုင်သေးကြောင်း သိရပါတယ်။ ကမ်းပါးရံအဆင့်ဆင့်ဟာ တောင်အောက်အထိ ပြိုကျသွားတဲ့အတွက်ကြောင့် ရုပ်အလောင်းရှာဖွေဖို့ ခက်ခဲနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
ပန်ဝါဒေသက မြေရှားသတ္တု လုပ်ငန်းခွင်တစ်ခုမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ကလည်း မြေပြိုဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ခဲ့ ပါတယ်။
အခုလို မိုးတွင်းကာလမှာ ကချင်ပြည်နယ်အတွင်းက သတ္တုနဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ မြေပြိုမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး လူသေဆုံး၊ ပျောက်ဆုံးမှုတွေလည်း နှစ်စဉ်လိုလို ဖြစ်ပွားလေ့ ရှိပါတယ်။