ခင်ဦးမြို့တွင် ဈေးဝယ်ထွက်သည့် စကစ ဗိုလ်ကြီးနှင့် တပ်သားတစ်ဦး တိုက်ခိုက်ခံရ၍ သေဆုံး
4 June 2024 Kachinwaves
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယမန်နေ့နံနက် ၉ နာရီမိနစ် ၂၀ အချိန်ခန့်က ဆိုင်ကယ်နှင့် ဈေးဝယ်ထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး တိုက်ခိုက်ခံရပြီးသေဆုံးသွားကာ ဆိုင်ကယ်တစ်စီးနှင့် လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပလဖ ရဲဘော်တစ်ဦးထံမှ သိရသည်။
အဆိုပါတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဆေးရုံဝင်းထဲ၌ တပ်စွဲနေထိုင်ပြီး မြို့တွင်းသို့ ဈေးဝယ်ထွက်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောသည်။
“သူတို့က ဆေးရုံမှာ အထိုင်ချထားတာပေါ့။ မြို့ထဲကို ဆိုင်ကယ်နဲ့ ဈေးဝယ်ထွက်ချိန် မြို့တွင်းမှာ တိုက်ခိုက်ခဲ့တာ။”ဟု ပလဖ ရဲဘော်တစ်ဦးက ဆိုသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် ဗိုလ်ကြီးအဆင့်ရှိသူ ချမ်းငြိမ်းကို နှင့် တပ်သားအဆင့်ရှိသူ လှိုင်မြင့် ဆိုသူတို့နှစ်ဦးဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားကာ ၎င်းတို့ထံမှ MA 1 တစ်လက်၊ ဖုန်း (၁) လုံး၊ ဆိုင်ကယ် (၁) စီး သိမ်းဆည်းရရှိခဲ့ကြောင်း ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဖီးနစ် (မြို့ပြပြောက်ကျား) တပ်ဖွဲ့၊ တိုက် (၁) ပကဖ နှင့် တိုက်နယ် (၃) ပကဖ တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။
၎င်းတို့နှစ်ဦး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ခင်းဦးမြို့ပေါ် ဆေးရုံအနီးရှိ ပြည်သူပိုင်နေအိမ် (၁) လုံးကို မီးရှို့ခဲ့ပြီး ပြည်သူ (၁၅) ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိရသည်။