ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့ နယ်နံမိတ်အစပ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အဆက်မပြတ်သုံးနေ
3 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်အစပ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေသည့်အတွက် လေကြောင်းပစ်ကူများ အဆက်မပြတ်သုံးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မတ်လ ၃၀ ရက်နေ့မှ စတင်က ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ ကျွန်းကုန်း၊ အင်ကြင်းမော်နှင့် မနော်သာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
“၃၀ ရက်နေ့က စတာဗျ သူတို့ (စကစ)က အဲ့ရွာတွေမှာ တပ်စွဲနေတာ ကိုယ့်ဘက်က ဝင်ထိုးတာ။ SNA၊ ပျူစောထီးအပါအဝင် အင်အား ၂၀၀ လောက်ရှိပါတယ်။ စစ်ကောင်စီဘက်က အထိခိုက်တွေများပါတယ်။ အတိကျတော့ပြောလို့မရဘူး။”ဟု ဆိုသည်။
ယမန်နေ့ ဧပြီ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဟုမ္မလင်းမှတက်လာသည့် စစ်ကောင်စီ၏ Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မနော်သာကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ညနေ ၄ နာရီဝန်းကျင်တွင်လည်း မနော်သာကျေးရွာကို ထပ်မံဗုံးကြဲခဲ့ကြောင်းလည်း သိရသည်။
ယနေ့နံနက် ၁၀ နာရီဝန်းကျင်နှင့် ၁၂ နာရီအချိန်ခန့်တွင် ဟုမ္မလင်းမှ တက်သည့် Mi-2 ဖြင့် ကျွန်းကုန်းရွာနှင့် မနော်သာရွာကို လေကြောင်းဖြင့် အကြိမ် ၃၀ ခန့် ဖုံးကြဲချခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေး ရဲဘော် က ပြောသည်။
ဧပြီလ (၁) ရက်နေ့ကလည်း မနော်သာကျေးရွာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၅ လသားကလေးငယ်အပါ ကလေးငယ် ၉ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အရပ်သားနေအိမ် အဆောက်အအုံများလည်း ပျက်စီခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေမှုနှင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ ကျွန်းကုန်း၊ မနော်သာ၊ ဇောင်းကလော၊ အင်ကြင်းကုန်း စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။