ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံး
2 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရပြီး ယမန်နေ့ ဧပြီလ (၁) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် တံတားဦးမှတက်လာသည့် A 5 ဂျက်ဖိုက်တာတစ်စီးဖြင့် မနော်သာကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်နေချိန် ပြည်သူတွေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ပုန်းနေကြတာ ခွေးတွေဆုတ်တဲ့အချိန် ပြည်သူတွေကို ကာဆုတ်တာ၊ ခုထိတဲ့မိသားစုက ပုန်းနေခဲ့တာ၊ ကိုယ့်ဘက်က လာကယ်ထုတ်တဲ့အချိန်မှ ထွက်လာကြတာ၊ အဲဒီအချိန် ဂျက်နဲ့လာပစ်လို့ ထိတာ။”
လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးဆွေသက်နိုင်နှင့် ဒေါ်နန်းခမ်းမွန်မှာ သေဆုံးခဲ့ပြီး အသက် ၅ လအရွယ် မသက်ထူးမွန်မှာ တင်ပါးနှင့် နဖူးနေရာများ၌ ထိခိုက်ခဲ့ကြောင်း ပြောသည်။
ထို့အပြင် ဦးချစ်ဆန်းဦး၊ ဒေါ်ဝင်းမာဦးနှင့် အသက် ၃ နှစ်အရွယ် သမီးဖြစ်သူ မမေသက်ဇွန်တို့ သေဆုံးခဲ့ပြီး၊ သမီးဖြစ်သူ ၅ နှစ်အရွယ် မလှယမင်းလည်း ခြေထောက်နှစ်ဘက် ထိခိုက်ခဲ့သလို သားဖြစ်သူ ၁၀ နှစ်အရွယ် မောင်လှဘုန်းမြင့်မှာ လက်ထိခိုက်သွားကြောင်း ပြောပါသည်။
တို့နောက်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဝေဖြိုးသူ၊ ၁၁ နှစ်အရွယ် မောင်စိုးသူအောင်၊ ၉ နှစ်အရွယ် မောင်ရှိုင်းမြတ်သူ၊ ၅ နှစ်အရွယ် မောင်လင်းလက်ကြယ်၊ ၁၃ နှစ်အရွယ် မဆောင်းနှင်းဝေ၊ ၅ လအရွယ် မသက်ထူးမွန် နှင့် အသက် ၆၅ နှစ်အရွယ် ဦးသာချို တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီ၊ ၉ နာရီနှင့် ၁၀ နာရီအချိန်များတွင်လည်း ဟုမ္မလင်းမှတက်လာသည့် Mi 2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းရွာကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။