စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲမှုကြောင့် ဦးပဇင်းတစ်ပါး ပျံလွန်တော်မူ၊ လူ ၅ ဦး သေဆုံး
3 April 2024 – Kachinwaves
တိုက်ပွဲမဖြစ်ဘဲ အရပ်သားများနေထိုင်သည့် ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာသံဃာတော်တစ်ပါးနှင့် အမျိုးသားငါးဦး သေဆုံးသည့်ဖြစ်စဉ် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းအစပ် မဘိမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် လေယာဉ်ဖြင့်ဗုံးကြဲချပြီး လေယာဉ်တပ်ဒုံးများနှင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့၍ ထိခိုက်သေဆုံးသူများရှိခဲ့သည်ဟု မဘိမ်းဒေသခံထံမှတစ်ဆင့် သိရှိရသည်။
“လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ရော့ကတ် (လေကြောင်းသုံးဒုံး) တွေနဲ့ ဒီတိုင်းပစ်သွားတာတဲ့။ အလုံး ၃၀ လောက်တောင် မကဘူးတဲ့။ ဘုန်းကြီးကျောင်းမှာ ခြင်းခတ်ပြီးမှ ရေချိုးနေတဲ့အချိန်မှာကျလို့ ဦးပဇင်းတစ်ပါးလည်း ဆုံးတယ်တဲ့။”
အသက် ၁၅ နှစ်နှင့် ၅ နှစ်အရွယ် ယောကျ်ားလေးနှစ်ယောက်၊ ကျေးရွာအတွင်းမှ အမျိုးသား ၃ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးလည်း ပျံလွန်တော်မူသွားသည်ဟု ဆိုသည်။
“သေတဲ့သူ ငါးယောက်ကို မနေ့ကတခါတည်း သင်္ဂြိုဟ်တယ်တဲ့။ တစ်ယောက် လင်းခန့်နိုင်ဆိုတဲ့ ဆိုင်ကယ်ဝပ်ရှော့က လူငယ်က နောက်စေ့ထိပြီး မီးလောင်တဲ့အထဲပါတာနဲ့ ဘယ်လိုမှ မတတ်နိုင်လို့ ဒီနေ့မနက်မှ အလောင်းထုတ်ပြီး ဒီနေ့မနက်မှ သင်္ဂြိုဟ်တာ”
ဒဏ်ရာရသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦးရှိပြီး ၎င်းတို့အနက်နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။
လေယာဉ်ပစ်ချသည့် ဗုံးစထိမှန်၍ မီးလောင်ပျက်စီးသည့် နေအိမ်နှင့် ပျက်စီးသွားသည့်နေအိမ် စုစုပေါင်း ဆယ်အိမ်ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရသည်။
ဧပြီ ၁ ရက်နေ့ကလည်း တိုက်ပွဲနေရာနှင့် အလှမ်းဝေးသည့် လွယ်ဂျယ် – မံစီမြို့ ကားလမ်းမတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် လမ်းတွင်ညအိပ်ရပ်နားထားသည့် ကုန်ကားတစ်စီးမှ ကားဆရာမိသားစု ၃ ဦးနှင့် ဒရိုင်ဘာ ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့သည်။