ကန့်ဘလူတွင် စစ်ကောင်စီက ကောက်စိုက်သမ ၂၆ ဦးအား ဖမ်းဆီးကာ PDF အလိုမရှိကြောင်း ဆန္ဒပြခိုင်းပြီး ပြန်လွှတ်
1 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကောက်စိုက်သွားသော အမျိုးသမီး ၂၆ ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး အတင်းအကြပ်ခြိမ်းခြောက် ဆန္ဒပြခိုင်းခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။
၎င်းအမျိုးသမီးများကို စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ထန်းတပင်ကျေးရွာမှ ရွာသစ်ကျေးရွာသို့ ကောက်စိုက်သွားသည့်လမ်းမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဇီးကုန်းမြို့ စည်ပင်သာယာဈေးရှေ့တွင် ဆန္ဒပြခိုင်ခဲ့ကြောင်း ပြောသည်။
“ပထမတော့ ဒို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့ ဆိုပြီး စအော်ခိုင်းတယ်။ ပြီးတော့ အကြမ်းဖက် PDF အလိုမရှိ၊ အလိုမရှိပေါ့။ နင်တို့ကို အကုန်လုံးပစ်သတ်လို့ရတယ်။ အော်ကြပေါ့။ အဲ့လိုသေနတ်တွေနဲ့ ခြိမ်ခြောက်ပြီး ခိုင်းတာပါ။”ဟု ၎င်းအမျိုးသားက ဆိုသည်။
ဆန္ဒပြအော်ခိုင်းပြီးနောက် ကောက်စိုက်သမများအား ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကောက်စိုက်သမားများမှာ ထပ်မံဖမ်းဆီးခံရမည်စိုးရိမ်၍ အလုပ်ပင်မလုပ်ရဲ ဖြစ်နေကြောင်း ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကန့်ဘလူ၊ ဇီးကုန်း၊ ချပ်သင်း၊ ကိုးတောင်ဘို့ စသည့်နေရာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများမှ ပြည်သူများအား ဖမ်းဆီးကာ တပ်သားသစ် အတင်းအဓမ္မစုဆောင်းနေ၍ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။