ဂျန်မိုင်ရွာကားလမ်းပေါ်မှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားငါးဦး သေဆုံး
1 April 2024 – Kachinwaves
တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် အရပ်သားငါးဦး သေဆုံးပြီး၊ သုံးဦးဒဏ်ရာရတဲ့ဖြစ်စဉ် မိုးမောက်မြို့နယ် ဂျန်မိုင်ရွာမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်ဘက်သို့သွားရာ လမ်းပိုင်းတစ်နေရာကို ဒီကနေ့မနက် ၁ နာရီခွဲဝန်းကျင်က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၅ လုံးကြဲချသွားခဲ့တဲ့အတွက် လမ်းမှာပိတ်မိနေတဲ့ ကုန်ကားဆရာနဲ့ မိသားစုဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“လွယ်ဂျယ် – မံစီလမ်းကနေ ဆင်းလာတဲ့ ကားသမားတွေ ဟုတ်တယ်တဲ့။ မိသားစုတစ်စုပါတယ်ပေါ့။ စပါယ်ယာ (ယာဉ်မောင်းအကူ) နှစ်ယောက်။”
ကားဒရိုင်ဘာ၊ ဒရိုင်ဘာရဲ့ ဇနီးနဲ့ ကလေးဖြစ်သူ၊ ကားမှာလိုက်ပါလာတဲ့ စပါယ်ယာနှစ်ယောက်တို့ သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့လမ်းဟာ လွယ်ဂျယ်ကနေ မံစီဘက်ကို သွားလို့ရတဲ့ ကားလမ်းကြောင်းဖြစ်တယ်လို့ သိရှိရပြီး လွယ်ဂျယ်နဲ့ အင်ဘာပါကျေးရွာကြား ဂျန်မိုင်ရွာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း မရှိတဲ့အပြင် KIA စခန်းထိုင်တဲ့နေရာလည်း မဟုတ်ဘူးလို့ သိရပါတယ်။
ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး လွယ်ဂျယ်မြို့ကိုလည်း ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။