ဖားကန့်မှာ တိုက်ပွဲတွေ ပိုမိုပြင်ထန်းလာနိုင်တာ ဘာကြောင့်လဲ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
27 February 2024 – Kachinwaves
ကမ္ဘာကျော်ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသဟာ စစ်ကိုင်း – ကချင်အစပ်ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ဒေသ၊ တစ်ဖက်က တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ KIA အတွက်လည်း စစ်ရေး၊ ဘဏ္ဍာရေးအရ အရေးပါတဲ့ဒေသ ဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဟာ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲသံ ပထမဆုံးကြားခဲ့ရတဲ့ နေရာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးစ ကာလကတည်းက ဖားကန့်ဟာ တိုက်ပွဲငယ်တွေအများဆုံးရှိခဲ့တဲ့ ကချင်ပြည်နယ်က မြို့နယ်တစ်ခုဖြစ်ပေမဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်ကဖြစ်ပွားခဲ့တဲ့ ဆယ်ဇင်းတိုက်ပွဲကလွဲရင် အခြားတိုက်ပွဲ ကြီးကြီးမားမားဖြစ်ခဲ့တာမျိုး မမြင်တွေ့ရပါဘူး။ ဒါပေမယ့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက KIO တည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ဖျော်ဖြေပွဲကျင်းပနေတဲ့ အနန့်ပါကျေးရွာခန်းမကို လေယာဉ်ဗုံးလာကြဲပြီးတဲ့နောက်ပိုင်းမှာတော့ ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ပိုမိုဖြစ်ပွားလာတာကို တွေ့မြင်ရပြီး တိုက်ပွဲပေါင်း (၇၁) ကြိမ်နဲ့ ၂၀၂၂ ခုနှစ်ရဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်ခဲ့တာကို Kachinwaves ရဲ့ နှစ်စဉ်စစ်ရေးသတင်းစုစည်းချက်အရ သိရပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ ခုနှစ်မှာတော့ ဖားကန့်ဒေသမှာ KIA ဘက်က စခန်းသိမ်းတိုက်ပွဲတွေအထိပါ ဖော်ဆောင်လာပြီး စစ်ရေးအရ အခရာကျတဲ့ လမ်းပိုင်းတွေကို KIA က ထိန်းချုပ်လာတာကို တွေ့မြင်ရပါတယ်။
ဖားကန့်မြို့နယ်ထဲကို ဝင်ဖို့အတွက် အင်းတော်ကြီး – ဆယ်ဇင်းလမ်း၊ အင်းတော်ကြီး – ဝှေခါလမ်းနဲ့ မိုးကောင်း – လုံးခင်းလမ်း (ဒေသအခေါ် ကားမိုင်းလမ်း) ဆိုပြီး အဓိကထား အသုံးပြုနေတဲ့လမ်းကြော သုံးခုရှိပါတယ်။ လမ်းကြော ၃ ခုအနက်၊ ၂၀၂၄ ဇန်နဝါရီလက ဝှေခါကျေးရွာရဲစခန်းနဲ့ ဗျူဟာကျတဲ့စစ်တပ်ကုန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ပြီးကတည်းက ဝှေခါလမ်းကို KIA က စစ်ရေးအရ ဖြတ်တောက်ထားနိုင်ပြီး လုံးခင်းလမ်းပိုင်းမှာရှိတဲ့ ဗျူဟာကျတဲ့ နန့်တိန်းစခန်းကိုလည်း ဖေဖော်ဝါရီလက သိမ်းပိုက်လိုက်နိုင်တဲ့အတွက်ကြောင့် အဲ့ဒီလမ်းပိုင်းရဲ့ တစ်စိပ်တစ်ပိုင်းကို KIA က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
အင်းတော်ကြီး – ဆယ်ဇင်းလမ်းကတော့ ၂၀၂၂ ခုနှစ် ဩဂုတ်လက တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်
စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ အထိုင်ချတဲ့နေရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဆယ်ဇင်းနဲ့တိုက်ရိုက် ဆက်သွယ်ထားတဲ့ ဟောင်ပါးကျေးရွာကတော့ KIA နဲ့ PDF တွေလှုပ်ရှားနေတဲ့ ဒေသဖြစ်နေပြီး ဟောင်ပါးနဲ့ဆက်သွယ်ထားတဲ့ တာမခံကျေးရွာက အဓိကစစ်တပ်ကုန်းနဲ့ ရဲစခန်းကို မနေ့ညနေကစပြီး KIA နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒီတာမခံစခန်းကို KIA ဘက်က သိမ်းပိုက်ပြီးရင်တော့ KIA အနေနဲ့ ဆယ်ဇင်းလမ်းပိုင်းကို စစ်ရေးအရ အတိုင်းအတာတစ်ခုအထိ ဖြတ်တောက်ထိန်းချုပ်ထားနိုင်မယ့် အနေအထားကိုတွေ့မြင်ရပါတယ်။
စစ်ကောင်စီလွှမ်းမိုးထားမှုရှိနေပြီး ဖားကန့်၊ ဆိုင်းတောင်လို လူနေထူထပ်တဲ့ မြို့၊ ရွာလိုနေရာမျိုးမှာရှိတဲ့ ဂိတ်စခန်းတွေကိုတောင် တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ပစ်ခတ်မှုတွေမကြာခဏ ဖြစ်ပွားနေတာကြောင့် မနှစ်က အောက်တိုဘာလကစပြီး စစ်ကောင်စီရဲ့ အသေးစားစစ်ဆေးရေးဂိတ်တွေကို ရုတ်သိမ်းသွားပါတယ်။
ဖားကန့်မြို့မရဲစခန်းရှေ့က စစ်ဆေးရေးဂိတ်၊ ဖားကန့်မြို့တွင်းက ကျောက်စိမ်းတောင်တံတား၊ ဖားကန့် – လုံးခင်းကြားက ပန်းတင်တံတားနဲ့ ဆိုင်းတောင်တံတားထိပ်က စစ်ဆေးရေးတွေအပြင် ဖားကန့်မြို့အဝင်က စုပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ကတည်းက ပိတ်သိမ်းလိုက်တာကို ကြည့်ခြင်းအားဖြင့် ဖားကန့်ဒေသဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းလာတာကို မြင်နေရပါတယ်။ ဒါတွေအပြင် ဒီနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က မိုးကောင်း – ဖားကန့်လမ်းပေါ်က ကားမိုင်းတာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတွေ စခန်းစွန့်ခွာပြီး ကားမိုင်းဗျူဟာမှာ သွားရောက်ပူးပေါင်းတဲ့ ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အား ချိနဲ့နေတဲ့ အနေအထားမျိုးရှိတာကို ညွှန်ပြပေးနေပါတယ်။
နိုင်ငံအနှံ့က ပိုမိုပြင်းထန်လာတဲ့ စစ်ရေး အခြေအနေတွေကြောင့် စစ်ကောင်စီ အင်အားချိနဲ့နေပေမဲ့ ဘဏ္ဍာရေး လိုအပ်ချက်အရ အရေးကြီးတဲ့ ဖားကန့်ဒေသကို လွယ်လွယ်ကူကူနဲ့ လက်လွတ်မယ်လို့တော့ မယူဆနိုင်ပါဘူး။ ဒါ့အပြင် ဖားကန့်ဒေသဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အားကောင်းနေတဲ့ ကချင်ပြည်နယ်က မြို့ဖြစ်နေပါတယ်။ တစ်ဖက်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KIA က ဒီနှစ်စပိုင်းကစပြီး ကချင်ပြည်နယ်အစပ်တွေမှာ တိုက်ပွဲတွေ ပိုမိုဖော်ဆောင်လာနေတဲ့ စစ်ရေး အခြေအနေနဲ့ယှဉ်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ဖားကန့်ဒေသဟာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ့် ဒေသတစ်ခုလို့ သုံးသပ်ရပါလိမ့်မယ်။