ဘဏ္ဍာငွေရှာပေးနိုင်ပြီး နိုင်ငံရေးအရလည်း အကျိုးအမြတ်ရမည့် ခရိုင်မြို့ဖြစ်သည့်အတွက် ကောလင်းမြို့ ပြန်လည်ရရှိရေး စကစ ထိုးစစ်ဆင်ကြိုးစားနေခြင်းဖြစ်
10 February 2024 – Kachinwaves
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကောလင်းမြို့အား စစ်ကောင်တပ်များမှ ပြန်လည်ထိန်းချုပ်နိုင်ရန် သာလွန်အင်အားသုံး၍ ကြိုးပမ်းနေကြောင်း ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကောလင်းမြို့ကို ပြန်လည်သိမ်းယူမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်များသည် ဇန်နဝါရီလမှစတင်ပြီး မြို့ကိုပြန်လည်သိမ်းယူနိုင်ရန် ကောလင်းနယ်တစ်ဝိုက်သို့ စစ်ကြောင်းထိုး လှုပ်ရှားနေခဲ့သည်။
ယခု ဖေဖော်ဝါရီလ အစမှာပင် ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးအခြေနေ တင်းမားနေဆဲဖြစ်ကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကောလင်းမှာတော့ ယခုလက်ရှိ တိုက်ပွဲကတော့ နေ့တိုင်းလိုလိုကို ဖြစ်နေတယ်။ ပကဖ နဲ့ ဖြစ်လိုက် PDF အဖွဲ့တွေနဲ့ ဖြစ်လိုက်ပဲ”ဟု ၎င်းမှ ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ပြီး ကောလင်းမြို့တွင်းထဲသို့ ချဉ်းကပ်လာသော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယမန်နေ့ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များသည် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကာ လူနေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
“နောက်ဆုံးအခြေနေ ကြားသိရသလောက်တော့ စစ်ရေးအခြေနေတွေ တင်းမာနေတယ်။ စကစ တွေ မြို့ထဲ ပြန်ဝင်နေပြန်တယ်။”ဟု ၎င်းပကဖအဖွဲ့၏ တာဝန်ရှိသူမှ ဆိုပြန်သည်။
ကောလင်းမြို့နယ်သည် ရွှေထွက်သည့်ဒေသဖြစ်ပြီး ဘတ်ဂျက်ငွေအရ စစ်ကောင်စီအတွက်ရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်ပါ အရေးပါနေကြောင်းလည်း သိရသည်။
“ကျွန်တော်တို့အမြင်အရ ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ ကောလင်းမြို့သိမ်းခံရတော့ စကစ အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ရောဆိုင်တယ်။ နောက်ပြီး ကသာခရိုင်ဖြစ်ကတည်းက ကောလင်းမြို့က ဘတ်ဂျက်အမြင့်ဆုံး ရှာပေးနိုင်တဲ့ထဲပါတာပေါ့နော်။ ဒီနောက်ပိုင်းမှာ ကောလင်းရဲ့ဘတ်ဂျက်က စကစ အတွက် အများကြီး ကျနေတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါကြောင့် ပြန်လည်ရယူဖို့ ကြိုးစားနေတယ်လို့ထင်တယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။”ဟု ကောလင်းမြို့ ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကောလင်းမြို့နယ်သည် ခေတ်အဆက်ဆက် အစိုးရကို ဘဏ္ဍငွေရှာပေးနေသည့်မြို့ဖြစ်ပြီး သယံဇာတပေါများသော ဒေသဖြစ်ကြောင်းလည်း သိရသည်။
ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ကောလင်းမြို့ပြန်လည်ရရှိရေးအတွက် လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းများပါ အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ကောလင်းမြို့လက်မလွတ်ရေးအတွက် အစွမ်းကုန် ကာကွယ်နေသည်။