အရေးပါသည့် ကန့်ဘလူမြို့မှ ချပ်သင်းပျူကုန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်၍ ၂ ရက်တိုက်ပွဲဖြစ်ခဲ့
9 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းပျူစခန်းတိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်ရှိခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ ပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ချပ်သင်းပျူကုန်းအား တော်လှန်ရေးအင်အားစုအဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့အချိန်ထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ညပိုင်းအထိ လေကြောင်းအပြင် ဟောက်ဝှစ်ဇာလက်နက်ကြီးဖြင့် လှမ်းထုခဲ့ကြောင်းလည်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က တံတားဦးမှတက်လာသည့် ဂျက်တိုက်လေယာဉ် (Jet Fighter) သုံးစီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်က ပြောသည်။
“မနေ့ကရော ဒီနေ့ကရော ပေါင်းရင် ဟောက်ဝှစ်ဇာနဲ့ပစ်တာ အချက် ၂၀ လောက်ရှိပြီ၊ လေကြောင်းနဲ့က ၃ ကြိမ်ရှိပြီလာပစ်တာ”ဟု ဆိုသည်။
ချပ်သင်းပျူစခန်းမှာ ရှေးအစဉ်အဆက်ရှိခဲ့သော တပ်စခန်းဖြစ်ပြီး စစ်ကောင်စီအတွက် အရေးပါနေသော စခန်းတစ်ခုဖြစ်ပြီး အထိနာခဲ့၍ လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ကူပေးခဲ့ကြောင်း တော်လှန်ရဲဘော်တစ်ဦးက ပြောသည်။
ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် စစ်ကောင်စီဘက်မှ ပစ်ကူပေးလာသော Mi 35 ရဟတ်ယာဥ်အား တော်လှန်ရေးအဖွဲ့ဘက်မှ ပစ်ခတ်နိုင်ခဲ့၍ ရဟတ်ယာဉ်သည် ကန့်ဘလူ (၆၀၀၆) တင့်ကားတပ်ရင်းထဲသို့ ဆင်းသက်ခဲ့ရကြောင်းလည်း သိရသည်။
၂ ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားကာ စစ်ကောင်စီဘက်မှ အထိအခိုက်သေဆုံးမှုများနိုင်ပြီး အရေအတွက်ကို အတိကျမပြောနိုင်ကြောင်းလည်း ဆိုသည်။
တိုက်ပွဲကြောင့် ချပ်သင်း၊ ချပ်လယ်၊ ဦးကင်းကြည်၊ ပုဏ္ဏာကြီး၊ ပုဏ္ဏားငယ်၊ ပင့်သာကြီး၊ လှဲပွဲ၊ ဇီးကုန်း၊ ကံကြီး၊ ပိတောက်ပင်၊ နဂါးပေါ်၊ အုပ်ခင်း စသည့်ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။