မိုးညှင်းမြို့ပတ်လမ်းတွင် သေနတ်ကိုင်ပြီး ငွေကောက်ခံနေသူများကို PDF မှ ပစ်ခတ်ဖမ်းဆီးခဲ့
6 February 2024- Kachinwaves
ခရီးသွားပြည်သူများကို အတင်းအဓမ္မ ငွေကြေးကောက်ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပစ်ခတ်ခဲ့သည်ဟု ကချင်ပြည်နယ်မှ မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့က မိုးညှင်းမြို့ပတ်လမ်း (ဒေသအခေါ် မြို့ရှောင်လမ်း) တွင် ခရီးသွားပြည်သူများကို ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ၎င်း၏အပေါင်းအပါများအား သွားရောက်ဖမ်းဆီးခဲ့ရာ လက်နက်ဖြင့် ပြန်လည်ခုခံရန် ကြိုးစားခဲ့သည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်မပါသည့် အမျိုးသားကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် စစ်ကောင်စီတပ်သား ကိုင်ဆောင်သည့် သေနတ်ရှည်တစ်လက်နှင့်အတူ ၎င်းတို့၏ ဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
မိုးညှင်းမြို့ပတ်လမ်းတွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖြတ်သန်းသွားလာသည့် အရပ်သားပြည်သူကားများကို ဓားပြတိုက်သည့်ဖြစ်စဉ်များ ဖြစ်ပွါးခဲ့သေးသည်။