ရှမ်းမြောက်တိုက်ပွဲတွင် ရှုံးခဲ့သည့် စကစ စစ်သားများဖြင့် အင်အားဖြည့်ပြီး ကောလင်းမြို့သို့ စစ်ကြောင်းထိုးမည်ဟုဆို
5 January 2023 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ချခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောလင်းမြို့သို့ စစ်ကြောင်းထိုးရာတွင် ပြန်လည်အသုံးပြုမည်ဟု သိရှိရသည်။
စစ်ကောင်စီက ကောလင်းမြို့ပြန်လည် သိမ်းယူနိုင်ရေးအတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ထံတွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်သားများကို ပြန်လည်အသုံးပြုရန် ပြင်ဆင်နေသည်ဟု တပ်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူမှတစ်ဆင့် သိရှိရသည်ဟု ဝန်းသိုဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ရှမ်းမြောက်မှာ လက်နက်ချခဲ့တဲ့ စစ်သားတွေကို အကြီးအကဲတွေက အခု အကျဉ်းချထားတယ်တဲ့။ အကျဉ်းကျခံထားရတဲ့ စစ်သားတွေကို မကြာခင်မှာ တပ်ရင်းအလိုက် ကောလင်းဘက်ကို ပို့တော့မှာမို့ (သူတို့ပြောသလို ကောလင်းကို သိမ်းတော့မှာမို့) အမျိုးတွေရှိရင် ရှောင်ခိုင်းဖို့ ပြောတယ်။”
ကောလင်းမြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီက ဒီဇင်ဘာလကတည်းက စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ယခုလက်ရှိအချိန်တွင် ဝန်းသိုမြို့နယ်မှစစ်ကြောင်းနှင့် ကန့်ဘလူမြို့နယ်မှ စစ်ကြောင်းဖြင့် အင်အားထောင်ချီပါဝင်သည့် စစ်ကြောင်းနှစ်ကြောင်းညှပ်ပြီး ကောလင်းမြို့ကို ပြန်လည် ထိုးစစ်ဆင်နေကြောင်းလည်း ထိုဒေသရှိ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။