ကောလင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်နေပြီး နှစ်ဖက်ကျဆုံးမှုရှိဟုဆို
6 February 2024 – Kachinwaves
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့အား ပြန်ရလိုသည့် စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်နှင့် ဝန်းသိုမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များ၊ ပကဖ များနှင့် တခြားတော်လှန်ရေး တပ်ပေါင်းစုများမှ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး စစ်ကောင်စီတပ်များမှ ထိခိုက်ကျဆုံးမှုများနေကြောင်းလည်း ကောလင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးမှ ပြောသည်။
“ကိုးထောင်ဘို့က တက်လာတဲ့ ရှေ့ကစစ်ကြောင်းရော နောက်ကစစ်ကြောင်းရော အထိနာနေတယ်။ အခု အင်အားကားနှစ်စီးနဲ့ ထပ်ဖြည့်နေပြန်တယ်။ တိုက်ပွဲကတော့ တစ်နေကုန်လုံး ဖြစ်နေတယ်။”ဟု ၎င်းရဲဘော်က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု ဆိုသည်။
ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့ရွာမှ ထွက်ခွါလာသည့် စစ်ကြောင်းနှင့် ညောင်ပင်သာရွာဝန်းကျင်တွင် လည်းကောင်း၊ ဝန်းသိုတပ်မှထွက်လာသော စစ်ကြောင်းနှင့် အောင်ချမ်းသာ ကျေးရွာအနီးတစ်ဝိုက်တွင် လည်းကောင်း ထိတွေ့တိုက်ပွဲအသီးသီး ဖြစ်ပွါးနေသည်ဟု သိရသည်။
စစ်ကောင်စီစစ်ကြောင်းထိုးရာ လမ်းကြောတစ်လျှောက် လေကြောင်းတိုက်မှုများပါ ပြုလုပ်ကြောင်းလည်း သိရသည်။
ကောလင်းမြို့နှင့် အနီးဆုံးစစ်တပ်ဖြစ်သည့် ဝန်းသိုတပ်ရင်းထဲသို့ Mi-17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ထောက်ပို့နေပြီး စစ်ကောင်စီဘက်မှ ဒရုန်းများအသုံးပြု၍ တိုက်ခိုက်လာနေကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်များသည် အင်အားထောင်ချီပါဝင်သည့် စစ်ကြောင်း ၅ ကြောင်းထိုး၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသော်လည်း ကောလင်းမြို့အား တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။