သင်းသတ်ခံလာရတဲ့ မြောက်ပိုင်းတိုင်း ကချင်ပြည်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘယ်လမ်းကို ရွေးကြမလဲ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
30 January 2024 – Kachinwaves
ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး KIA ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ အရင်နှစ်တွေထက် ပိုပိုပြင်းထန်လာတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ တစ်လတည်းမှာပဲ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီ ရဲစခန်း ၂ ခုအပြင် စစ်တပ်စခန်း ၁၀ ခုကျော်နဲ့ မဘိမ်းမြို့ကိုပါ သိမ်းဆည်းထားနိုင်တာလည်း ဖြစ်ပါတယ်။
၂၀၂၄ နှစ်စမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေ အဓိက စစ်ရေးဖော်ဆောင်နေတဲ့ နေရာတွေဟာ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းနဲ့ ရှမ်းမြောက်အစပ်က နေရာတွေဖြစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။
ဇန်နဝါရီရဲ့ နောက်ဆုံးအပတ်မှာ သိမ်းယူနိုင်ခဲ့တဲ့ စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ တနိုင်းမြို့နယ် တလူးရွာဘက်က စစ်ကောင်စီစခန်းနဲ့ ရှမ်းပြည်မြောက်ပိုင်း – ကချင်အစပ် မံစီမြို့နယ်အတွင်းက ကိုင်ထိပ် (Kai Htik) စခန်းစတဲ့ စခန်း ၂ ခုဟာ ဗျူဟာကျတဲ့ စခန်းဖြစ်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်း ကူးသန်းဆက်သွယ်ဖို့ အခရာကျတဲ့စခန်းတွေဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်အရ နားလည်ရပါတယ်။
ကိုင်ထိပ်စခန်းတည်ရှိတဲ့ မံစီ၊ မံဝိန်းကြီးဒေသအလွန် ရှမ်းပြည်မြောက်ပိုင်းကို လှမ်းမျှော်ကြည့်ရင် 1027 စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေပဲ ပတ်ပတ်လည်ဝိုင်းနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မံစီမြို့နယ်နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ နမ့်ခမ်းမြို့နယ်ဟာ TNLA အပြည့်အဝ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး နမ့်ခမ်းနဲ့ပတ်ပတ်လည်ကိုပါ မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ရွှေကူမြို့နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကိုတော့ ဇန်နဝါရီ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး KIA က ဆက်လက်ထိန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ ကချင်ပြည်နယ်က ရွှေကူ၊ မံစီစတဲ့ဒေသတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်ဒေသတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဒေသတွေဖြစ်လာပါတယ်။
ကချင် – စစ်ကိုင်းအစပ်ဒေသတွေကို လှမ်းမျှော်ကြည့်မယ်ဆိုရင်ဖြင့် ရွှေကူမြို့နဲ့ထိစပ်နေတဲ့ ကသာမြို့၊ မိုးညှင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ အင်းတော်၊ ဗန်းမောက်ဒေသ၊ ဖားကန့်နဲ့ ထိစပ်နေတဲ့ ဟုမ္မလင်း စတဲ့ဒေသတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီဒေသတွေဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ တစိတ်တစ်ပိုင်း ရှိနေတဲ့ဒေသတွေ ဖြစ်ပါတယ်။ ဒီမြို့တွေအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့တွေဖြစ်တဲ့ ပင်လယ်ဘူးနဲ့ ကောလင်းမြို့ကိုလည်း KIA၊ AA နဲ့ NUG အောက်က တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေဖြစ်နေပြီး ထီးချိုင့်မြို့လည်း စစ်ကောင်စီအတွက် မသေချာတော့တဲ့ မြို့ဖြစ်နေပါတယ်။
မြေပုံညွှန်းပေါ်က စစ်ဆင်ရေးဒေသတွေရဲ့ အနေအထားအရ တော်လှန်ရေးအင်အားစုတွေဟာ မြောက်ပိုင်းဘက်ကို ကုန်းလမ်း၊ ရေလမ်းကြောင်းတွေအရ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ထားနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ကို ထောက်ပို့လုပ်ဆောင်ဖို့အတွက် အဓိကမြေပြင်လမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ကို စစ်ကိုင်းတိုင်းကစပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီဖြစ်တာကို မြင်ရပါတယ်။ မိုးတွင်းမှာပဲ အသုံးပြုနိုင်တဲ့ ဧရာဝတီရေလမ်းကြောင်းတစ်လျှောက် တက်ကြည့်မယ်ဆိုရင်လည်း စစ်သင်္ဘောတွေ ဖြတ်သွားရမယ့် ထီးချိုင့်၊ ကသာ၊ ရွှေကူစတဲ့ဒေသတွေဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရေလမ်းကြောင်းကို အသုံးပြုဖို့ရာကလည်း စစ်ကိုင်း – ကချင်အစပ်က တနိုင်း၊ တလူးစခန်းကို KIA က သိမ်းပြီး ဖြတ်တောက်ထားလိုက်နိုင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ထောက်ပို့လမ်းကြောင်းတစ်ခု ထပ်မံဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ မြောက်ပိုင်းတိုင်းကို ထောက်ပို့လုပ်ဖို့အတွက် လေကြောင်းကလွဲရင် ရွေးချယ်စရာမရှိတော့တဲ့ အနေအထားဖြစ်နေပါတယ်။
ဒီအနေအထားကို ပုံဖော်ကြည့်ရမယ်ဆိုရင် မြောက်ပိုင်းတိုင်းဟာ သစ်ပင်ကြီးသင်းသတ်ခံထားသလို အနေအထားဖြစ်လာတယ်လို့ မြင်နိုင်ပါတယ်။ ဆိုလိုတာက ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြောက်ပိုင်းတိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ မသိမသာနဲ့တဖြည်းဖြည်း အင်အားချိနဲ့လာမယ့် အနေအထား ရောက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်က စစ်မျက်နှာပြင်တွေ အများကြီးဖွင့်ထားရတဲ့ စစ်ကောင်စီရဲ့ အခြေအနေတွေနဲ့ ဆက်စပ်လိုက်မယ်ဆိုရင် ကချင်ပြည်နယ်မှာ အခြေစိုက်ထားတဲ့ စစ်တပ်တွေဟာ လှုပ်လေမြုပ်လေဆိုတဲ့ အခြေအနေကို တဖြည်းဖြည်းချင်း ရင်ဆိုင်ကြုံတွေ့လာနိုင် ပါတယ်။
ရှမ်းမြောက်စစ်မျက်နှာပြင်လို ဝုန်းဒိုင်းကြဲသွားမယ့် စစ်ဆင်ရေးမျိုးမဟုတ်ပေမယ့် တမြည့်မြည့်လောင်ကျွမ်းမယ့် ကချင်စစ်မျက်နှာပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်ရှုပေါက်ရွေးရတော့မယ့် အခြေအနေကို စဉ်းစားသင့်တဲ့အချိန် ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။
ကချင်စစ်မျက်နှာပြင် သာမက ရခိုင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ ရှမ်းတောင်ဒေသနဲ့ ယုံကြည်လို့မရတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ဟိုင်ဂင် ယာယီအပစ်ရပ်ရေးသဘောတူညီမှု စတဲ့အခင်းအကျင်းတွေအောက်မှာ ကချင်ပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ကိုယ့်အသက်နဲ့ တိုင်းပြည်အတွက် လေးလေးနက်နက် စဉ်းစားဖို့လိုအပ်လာတဲ့အချိန် ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေအတွက် ရှမ်းပြည်မြောက်ပိုင်းက သံဘိုတိုက်ပွဲမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ ဒုဗိုလ်မှူးကြီးသက်အောင်ကတော့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို အသက်ကနောက်ထပ်တစ်ချောင်းအပိုမပါဘူးလို့ သတိပေးပြောဆိုပြီး အသက်ရှင်ဖို့သာ ရွေးချယ်လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
“ကျွန်တော် message (သတင်းစကား) ပေးချင်တာကတော့ ကူနိုင်တာသည် အချင်းချင်းပဲရှိတော့တယ်။ အဲ့ဒါ နံပါတ် ၁၊ နံပါတ် ၂ ကိုယ်နဲ့အနီးကပ်ဆုံးခေါင်းဆောင်ပဲ ကိုယ့်ကိုကူနိုင်တာ သေချာတယ်။ အဲ့ဒီလူတွေကိုအားကိုးပြီး ကိုယ့်ကိုကိုယ် အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးစားကြပါလို့ ကျွန်တော်တော့ တိုက်တွန်းချင်တယ်”