မာန်ကြီးပေမယ့် ခါးကမသန်တော့တဲ့ စစ်တပ်ဖြစ်နေပြီးလား
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
24 January 2024 – Kachinwaves
စစ်ကောင်စီစစ်တပ်တွေကြားထဲမှာ ခေတ်စားလာတဲ့ လက်နက်ချခြင်းနဲ့ စခန်းစွန့်ခွာထွက်ပြေးခြင်းနည်းကို ရှမ်းမြောက် စစ်ကောင်စီတပ်သားတွေ သာမက အခုဆိုရင် ကချင်ပြည်နယ်မှာပါ ကျင့်သုံးလာကြပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယအပတ်က ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ စခန်းသိမ်း၊ ရွာသိမ်း၊ မြို့သိမ်း စစ်ဆင်ရေး တိုက်ပွဲတွေမှာ လက်နက်ချခဲ့တာနဲ့ စခန်းစွန့်ခွာထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပုံတပင် ရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က မံစီမြို့နယ်မှာရှိတဲ့ ဂေါင်ငူယန် (Gawk Ngu Yang) တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့တုန်းက အဲ့ဒီစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး လက်နက်ချခဲ့ပြီး စခန်းထဲကထောက်ပို့ရေး လားတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်နေ့က KIA သိမ်းနိုင်ခဲ့တဲ့ ဖားကန့်မြို့နယ် ဝှေခါစစ်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာလည်း ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိခဲ့ပါတယ်။ အဲ့ဒီစခန်းကိုရရှိဖို့အတွက် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ ဇန်နဝါရီ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့မနက်အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ပွဲ ၁၄ ရက်တာကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ ကာကွယ်တိုက်ခိုက်ခဲ့ပေမယ့် စခန်းထဲက တိုက်ခိုက်ရေးစစ်သားတွေ ထွက်ပြေးသွားခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ကူပြီးခုခံနေတဲ့ကြားက ယောကျာ်းသား စစ်ကောင်စီစစ်သားတွေ ထွက်ပြေးခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာတော့ ကလေး ၅ ယောက်အမေ အမျိုးသမီးကြီးက ဝှေခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ အစကနေအဆုံးထိ ဆယ်ရက်ကျော် လက်နက်ကြီးနဲ့ ဗုံးဆံတွေကြားမှာ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကချင်ပြည်နယ် မန်ဝိန်းကြီးကျေးရွာက တပ်စခန်းတွေနဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့က စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းတွေကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့ပါသေးတယ်။
မဘိမ်းမြို့ကို သိမ်းတုန်းက စခန်းတွေကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီရဲနဲ့စစ်သား အယောက် ၇၀ ကျော်ရှိပြီး လိုက်ဖမ်းနေရတယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မဘိမ်းမြို့ကိုသိမ်းခဲ့တဲ့ တစ်ရက်တည်းမှာပဲ ကချင်နဲ့ ရှမ်းပြည်နယ်အစပ် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ နယ်မြေအတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေအပြင် တရုတ် – မြန်မာနယ်စပ်မှာရှိတဲ့ နောင်မွန် စုပေါင်းဂိတ်စခန်းကိုလည်း KIA က သိမ်းယူနိုင်ခဲ့ပါတယ်။ နောင်မွန်စုပေါင်းဂိတ်ကို တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က လက်နက်ချခဲ့တာကြောင့် အထူးတလည် တိုက်ခိုက်ခဲ့ရခြင်းမရှိဘဲ လွယ်လင့်တကူ သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီစခန်းသိမ်း တိုက်ပွဲတွေမှာ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။ အချို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ရွှေလီမြစ်ကိုဖြတ်ကူးပြီး တရုတ်ပြည်ထဲထိ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဒီလိုတိုက်ပွဲတွေအပြင် KIA၊ AA၊ ABSDFနဲ့ NUG အောက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ စတင်ပြီးဖော်ဆောင်နေတဲ့ မိုးမိတ်မြို့သိမ်း ထိုးစစ်ဆင်တိုက်ပွဲမှာလည်း လက်နက်ချ အလံဖြူထောင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိခဲ့ပါတယ်။
ဒီတစ်ပတ်ရဲ့ ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲအခြေအနေကို သုံးသပ်ကြည့်လိုက်ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ “ငါမသေ၊ ငါ့စခန်းမကျစေရ” ဆိုတဲ့စိတ်နဲ့ နောက်ဆုံးအချိန်ထိ ကျားကုတ်ကျားခဲ ခုခံတိုက်ခိုက်မယ့် စိတ်ဓာတ်မျိုး မရှိနေတော့တာကို တွေ့မြင်နေရပါတယ်။
တာဝန်အရသာ စစ်မှုထမ်းဆောင်နေရပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုဟာ စိတ်ဓာတ်ကျဆင်းခြင်းနဲ့ တိုက်လိုခိုက်လိုစိတ် မရှိတော့ဘူးလို့ သံဘိုတိုက်ပွဲမှာ စစ်သုံံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ဒုဗိုလ်မှူးကြီးသက်အောင်က အင်တာဗျူးမှာ ဖြေကြားထားတာကို တွေ့ရပါတယ်။
“စိတ်ဓာတ် အခြေအနေကျတော့ ဘာလဲဆိုတော့ တချို့တပ်တွေကျတော့ တစ်လတစ်ခါလဲတယ်။ တချို့တပ်တွေကျတော့ ၄၊ ၅၊ ၆ လနေတာတောင် တစ်ခါမှမလဲဘူး။ မလဲကြတဲ့အခါကျတော့ ဘာဖြစ်ချင်လဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာ အများအားဖြင့် လုံခြုံရေးချိန်းချင်ကြတယ်။ သံဘိုမှာမနေချင်ကြဘူး၊ သံဘိုမှာမနေချင်ကြဘဲနဲ့ နောက်ကိုပဲပြန်ချင်တယ်။ တော်တော်များများရဲ့စိတ်က အဲ့လိုပဲဖြစ်နေတယ်။ တိုက်လိုခိုက်လိုစိတ်လည်း မရှိကြဘူး။ အဲ့ဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ တစ်လလောက်ပဲနေရတဲ့ အဖွဲ့ကကျတော့ ခဏခဏချိန်းနေတယ်။ အဲ့ဒီအချိန်မှာ လေးလလောက်ကြာအောင်နေရတဲ့အဖွဲ့ကကျတော့ အဲ့အဖွဲ့ကသူ့ရှေ့မှာတင် တခြားတပ်တစ်တပ်က ၄၊ ၅၊ ၆ ခါလောက် ချိန်းသွားတဲ့အခါကျတော့ ဘာတွေဖြစ်လာဆိုတော့ စိတ်ဓာတ်ကျဆင်းမှုတွေ စဖြစ်ပေါ်လာပါတယ်။”
အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ အကျဘက်ရောက်နေတဲ့ စိတ်ဓာတ်အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတောင် သေနတ်ပစ်ခိုင်းဖို့အတွက် မနည်းစုစည်းလုပ်ဆောင်ခဲ့တယ်လို့လည်း ဖြေကြားထားပါသေးတယ်။
“စိတ်ဓာတ် အခြေအနေကတော့ တော်တော်များများ တိုက်ခိုက်ရေးအတွေ့အကြုံမရှိဘဲနဲ့ စုပေါင်းစပ်ပေါင်းခေါ်တာပေါ့ဗျာ။ တပ်မတော်ရဲ့ အခေါ်အဝေါ်ကျတော့ စုပေါင်းစပ်ပေါင်း ခေါ်တယ်ပြောတယ်။ အဲ့လိုစုပေါင်းစပ်ပေါင်းအဖွဲ့တွေနဲ့ကျ ဘယ်သူက ဘာလုပ်လို့လုပ်မှန်းလည်းမသိ၊ ဘယ်သူက ဘယ်အရည်အချင်းရှိမှန်းလဲမသိ၊ ဘယ်သူက တိုက်ရည်ခိုက်ရည်နဲ့ပက်သက်လို့ ဘာရှိလို့ရှိမှန်းလဲမသိ အဲ့လိုမျိုးနဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဓိကအရေးအကြီးဆုံး အခက်အခဲက တိုက်ပွဲဖြစ်တဲ့အချိန်မှာ သေနတ်ပစ်ဖို့အတွက် မနည်းကိုစုစည်းပြီး မနည်းကိုလုပ်ဆောင်ခဲ့ရတယ်။”
အင်အားတွေ ပြန်စုစည်းပြီး လက်လွတ်သွားခဲ့တဲ့ တပ်ခန်းတွေကို ပြန်တိုက်ယူမယ်လို့ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်က စစ်ကောင်စီကြွေးကြော် ခဲ့ပါသေးတယ်။ ဒါပေမဲ့ စစ်မတိုက်လိုဘဲ ထွက်ပြေးဖို့ နည်းဗျူဟာဖြစ်လာတဲ့ အောက်ခြေ တိုက်ခိုက်ရေး စစ်သားတွေကြောင့် အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးရှာတဲ့ စစ်ခေါင်းဆောင်တွေကြောင့် ယိုယွင်းနေတဲ့ စစ်တပ်ဟာ လက်ရှိ တော်လှန်ရေး စိတ်ဓါတ်ပြင်းပြပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ဆိုတာ “ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန် “ ဆိုသလို စစ်ကောင်စီ ချိနဲ့လာနေပြီဆိုတာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲရလဒ်တွေက ဖော်ပြနေပါတယ်။
အခုလို စစ်ကောင်စီတပ်တွေ ကစဉ့်ကလျားဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ကချင်ပြည်နယ်မှာရော စခန်းသိမ်းတိုက်ပွဲတွေထက် ပိုမိုကြီးမားတဲ့ စစ်ဆင်ရေးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖော်ဆောင်လာမလား ဆိုတာနဲ့ပက်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပဲဆိုပါတယ်။
“ကျွန်တော်ကတော့ ယတိပြတ်ပြောလို့တော့ အဆင်မပြေဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒီတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင် မရောက်မချင်းကတော့ ကျွန်တော်တို့က ဆက်ပြီးတိုက်ပွဲဝင်သွားဖို့တော့ ရှိပါတယ်။”