လေယာဉ်နှစ်စင်းပစ်ချပြီး စခန်းသိမ်းတိုက်ပွဲတွေနဲ့ လက်စွမ်းပြလာတဲ့ KIA နဲ့ နောက်ထပ်မျှော်လင့်စရာ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
17 January 2024 – Kachinwaves
KIA ရဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို ဇန်နဝါရီလ နှစ်ဆန်းနှစ်ပတ်အတွင်းမှာ ပြန်လည် တွေ့မြင်လာရပြီး စခန်းသိမ်းတိုက်ပွဲအချို့မှာ အောင်မြင်မှုတွေရထားတာကိုလည်း သိရပါတယ်။
၂၀၂၄ ဇန်နဝါရီလ နှစ်ဆန်း ၁ ရက်နေ့မှာပဲ ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာအနီးက စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မိုးမိတ်မြို့နယ်ထဲက စခန်းသိမ်းတိုက်ပွဲမတိုင်မီ ၂၀၂၃ ဒီဇင်ဘာလ ကတည်းက ကွတ်ခိုင်မြို့နယ်ထဲမှာ ဖော်ဆောင်နေခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ အခြေစိုက် ခလရ (၁၂၃) တပ်ရင်းစခန်းကိုတော့ ဇန်နဝါရီ ၁၄ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခလရ (၁၂၃) တပ်စခန်းဟာ လက်နက်ကြီး အမာခံစခန်းဖြစ်ပြီး စခန်းသိမ်းယူနိုင်ဖို့အတွက် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ၁၈ ရက်ကြာ အချိန်ယူပြီး စစ်ဆင်ရေးဆင်နွှဲ ခဲ့ရတာပဲဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဝှေခါကျေးရွာက စစ်ကောင်စီစခန်းကုန်းနဲ့ ဖားကန့် – မိုးကောင်းလမ်းမပေါ်က နန့်တိန်းရွာ စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၆ ရက်နေ့ကစပြီး၊ KIA က စတင်တိုက်ခိုက်နေတာဖြစ်ပြီး စတင်တိုက်ခိုက်တဲ့အဲ့ဒီနေ့မှာပဲ ဝှေခါရဲစခန်းနဲ့ စစ်တပ်ကုန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ စစ်ရေးနီးစပ်တဲ့ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ကျန်ရှိနေတဲ့ ဝှေခါစစ်ဗျူဟာကုန်းတစ်ခုနဲ့ နန့်တိန်းစခန်းကို ဗျူဟာမြောက် ပိတ်ဆို့ဖြတ်တောက်ထားသလို ဒရုန်းစစ်ဆင်ရေးတွေအသုံးပြုပြီး စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ခေါင်လန်ဖူးမြို့နယ် ခရန်ထီဒမ်းက ခလရ (၁၃၇) နဲ့ စစ်ကောင်စီလက်အောက်ခံ ဦးတန်ဂူးတန် ဌာနေပြည်သူ့စစ်အဖွဲ့တို့ရဲ့ စခန်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေကြားက တိုက်ပွဲ ၅ ရက်မြောက်နေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေကို အနိုင်ပိုင်းနိုင်ခဲ့တယ်ဆိုပေမယ့် KIA နဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိထားရပါတယ်။
စစ်ရေးအောင်မြင်မှုတွေထဲမှာ ထူးခြားမှုတစ်ခုအနေနဲ့ ဒီနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပထမလဝက် အတောအတွင်းမှာပဲ KIA ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရေး ယာဉ်နှစ်စီးကို ပစ်ချနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်က KIA သိမ်းပိုက်ရရှိထားတဲ့ နမ့်ဖတ်ကာကျေးရွာ အခြေစိုက် ခလရ (၁၂၃) တပ်ရင်းစခန်းကို ဗုံးလာကြဲတဲ့ တိုက်လေယာဉ်တစ်စင်းကို KIA ပစ်ချနိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး အတည်ပြုပြောဆိုပါတယ်။ KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကလည်း ပစ်ချခဲ့တာမှန်ကန်ကြောင်း သတင်းမီဒီယာတွေကို အတည်ပြုဖြေကြားထားပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ကလည်း မြစ်ကြီးနားလေတပ်မှ ဝိုင်းမော်မြို့နယ်၊ နာဖေါ့တပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်စဉ်မှာ ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါလာသူ ၆ ဦးလုံး သေဆုံးခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းမပါဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဓမ္မာရုံမှာ သေဆုံးသူတွေရဲ့ဓာတ်ပုံထောင်ပြီး တရားနာနေရတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
လေယာဉ်နှစ်စီးပစ်ချခဲ့ပြီး နှစ်သစ်ကိုစခန်းသိမ်းတိုက်ပွဲနဲ့ကြိုခဲ့တဲ့ KIA၊ ဒီဇန်နဝါရီလအတွင်းမှာပဲ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် ဖော်ဆောင်နေတဲ့ အခြေအနေတွေအရ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ၂၀၂၄ ခုနှစ်ဟာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ရှိလာတဲ့နှစ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ စကားအတွက် ခြေလှမ်းကောင်းတွေ ဖြစ်နေပြီလား၊ မျှော်လင့်ကြည့်စရာ ဖြစ်လာပါတယ်။