ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနေသည့် ဂေဟာ (သို့မဟုတ်) ကချင်လူ့အဖွဲ့အစည်းအတွက် လိုအပ်ချက်အသစ် ဖြစ်လာသောအရာ
By Ah Ban.
7 December 2023 – Kachinwaves
နံနက်ခင်း ဝေလီဝေလင်းအချိန် သက်ကြီးရွယ်အို အဘိုးအဖွားတို့ကို ဆရာဦးလရှီးခွန်ဂမ် ဦးဆောင်၍ ဆုတောင်းပေးနေသည်။ ဆုတောင်းပြီးနောက် အဖိုးအဖွားများ လမ်းလျှောက်သူကလျှောက်သည်၊ မီးလှုံသူများကလှုံသည်။ အချို့က အိပ်ယာပေါ်ပြန်တက်အိပ်ကြသည်။ နေရောင်ဖြိုးဖြိုးဖျဖျနှင့် လေညှင်းများက အလွန်လတ်ဆတ်နေသည်။ ဆောင်းဦးရာသီ၏ အငွေ့အသက်အမှန်ပင်။ ထိုအချိန် စားဖိုချောင်မှအန်တီ၏ အိုးခွက်ဆေးသံနှင့် ချက်ပြုတ်သံများ ထွက်ပေါ်လာသည်။
ဆရာမလုရာကတော့ အဖိုးအဖွားတို့၏ ဝေယျာဝိစ္စများနှင့် အလုပ်များနေသည်။
”အဖိုးရေ… သမီးပြောတာကြားရလား… ဒိုင်ပါ လဲရအောင်နော်…”
လေဖြတ်ပြီးနောက် မိမိကိုယ်မိမိ အပေါ့အလေးသွားသည်ကိုပင် မသိရှိနိုင်တော့သည့် အသက် ၇၈ နှစ်အရွယ် ဦးလဂျာ အိပ်ယာထဲလှဲနေစဥ် “ဘိုးဘွားရိပ်သာဖေးမဂေဟာ”၏ လက်ထောက်တာဝန်ခံ ဆရာမလုရာမှ အနားကပ်ပြောရင်း သန့်ရှင်းရေးလုပ်ပေးနေခြင်း ဖြစ်သည်။
”အဖွားရေ မျက်နှာသစ်ပြီးပြီလား…. လာ ဆေးသောက်မယ်နော်…”
အသက် ၆၅ နှစ်အရွယ် ဒေါ်လယန်ဂျာတောင်ထံ ရောက်သွားပြန်သည်။ အဖွားမှာလည်း လေဖြတ်ပြီးနောက် ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တော့ပေ။
”ဖွားဖွား ကော်ဖီမစ်တွေ စားနေပြန်ပြီလား… အများကြီးမစားနဲ့နော်.. ကြားလား ဖွားဖွား….”
(ကချင်မျိုးနွယ်) ဇိုင်ဝါးစကားမှလွဲ၍ မြန်မာစကားအပါ ကျန်သည့်တိုင်းရင်းသား ဘာသာစကားများကို မပြောတတ်သော ဒေါ်မခေါ်လုကို လက်ဟန်ခြေဟန်ဖြင့် ဆရာမလုရာ ပြောနေရပြန်သည်။ အသက် ၈၁ နှစ်ရှိပြီဖြစ်သော အဖွားမှာ တစ်ခါတစ်ရံ သူငယ်ပြန်တတ်ပြီး ကော်ဖီမစ်ကို ဖျော်သောက်ခြင်းထက် စားရသည်ကို အရသာပိုတွေ့နေသူဖြစ်သည်။
စားဖိုချောင်တွင် အဆင်သင့်ဖြစ်သည်နှင့် နံနက်စာ စားကြသည်။ ပြီးနောက် ဆရာမက အဖိုးအဖွားတို့ အကုန်လုံးကို သောက်နေကြဖြည့်စွက်စာ အားဆေးများ လိုက်တိုက်ပေးသည်။ နံနက် ၈ နာရီထိုးလျှင် ဆရာမသည် တူလေးကို ကျောင်းသွားပို့ပေးရပြန်သည်။ ကျောင်းမှပြန်ရောက်လျှင် လေဖြတ်၍ ခန္ဓာကိုယ်မလှုပ်ရှားနိုင်တော့သည့် အဖွားဒေါ်ဖေါင်နာ့လုကို ရေနွေးဖြင့်ရေချိုးပေးသည်။ အလားတူ ဝက်ရူးပြန် ရောဂါခံစားနေရသော အသက် ၆၅ နှစ်အရွယ် ဒေါ်ခေါင်ညွယ်အတွက် လိုအပ်သောဝေယျာဝိစ္စများကို လုပ်ဆောင်ပေးသည်။ ဆရာမလေးအဖို့ တစ်မနက်ခင်းလုံးမှာ မအားမလပ်ဖြစ်နေရသည်။
အဆိုပါမြင်ကွင်းများမှာ မြစ်ကြီးနားမြို့ ဂျော်ဘွမ်တောင်ခြေအောက်မှ နောင်နန်းဘောလုံးကွင်းဘေးရှိ ခြံဝင်းကျဥ်းကျဥ်းလေးတွင် အငှားချထားသော တိုက်ပုအိမ်လေး၌ မကြာသေးခင်ကမှ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်လိုက်သော “ဘိုးဘွားရိပ်သာဖေးမဂေဟာ – Sak Kung Lanawn Lakawn Pawn Ba Gin Ra”၏ နံနက်ခင်းမြင်ကွင်း ဖြစ်သည်။ ကချင်လူ့အဖွဲ့အစည်းတွင် မိဘမဲ့ဂေဟာများရှိနေသော်လည်း ယခုလို ဘိုးဘွားရိပ်သာဟူ၍ ယခင်က မရှိခဲ့ပေ။ သက်ကြီးရွယ်အို ဘိုးဘွားများကို သားသမီးဆွေမျိုး အသိုင်းအဝိုင်းများက ပြုစုစောင့်ရှောက်မှုဖြင့်သာ ဘဝနေဝင်သွားခဲ့ကြသည့် ဓလေ့ဖြစ်သည်။
နံနက်စာစားပြီးသည်နှင့် ဆရာလရှီးခွန်ဂမ်သည် ရှေ့ရေးတွက် ဆုတောင်းရင်း လိုအပ်သည်များကို စီမံခန့်ခွဲမှု လုပ်နေသည်။ တာဝန်ကျသော အသင်းတော်အတွက် အချိန်ပေးရသည်ကတစ်ပိုင်း၊ သက်ကြီးရွယ်အို အဖိုးအဖွားတို့ကို ပြုစုစောင့်ရှောက် အချိန်ပေးရသည်ကတစ်ပိုင်းနှင့် အချိန်အတော်လုယူနေရသည်ကို တွေ့ရသည်။ သို့သော် သက်ကြီးရွယ်အိုအဖိုးအဖွားများကို ပြုစုစောင့်ရှောက်လျှက် ကောင်းချီးမင်္ဂလာ ခံယူလိုသည့်စိတ်ဆန္ဒဖြင့် ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့သည့် ဂေဟာဖြစ်သဖြင့် ပင်ပန်းသည်ဟု မငြီးတွားနိုင်ပေ။
”တီ……တီ…..တီ…..”
ဆရာလရှီးခွန်ဂမ်၏ ဖုန်းသံမြည်လာသည်။
”ဟဲလို…မင်္ဂလာပါခင်ဗျ….”
”ဟုတ်ကဲ့…ဘိုးဘွားရိပ်သာကလား ရှင့်….”
”ဟုတ်ပါတယ်ခင်ဗျ”
”ဟုတ်ကဲ့ပါဆရာ.. ဘိုးဘွားရိပ်သာအတွက် မွေးနေ့အလှူလေးလုပ်ချင်လို့ပါ ဆရာရေ”
အလှူရှင်တစ်ဦးမှ ဖုန်းဆက်လာခြင်း ဖြစ်သည်။
”အော်.. ဟုတ်ကဲ့ပါခင်ဗျ…”
”ဟုတ်ကဲ့ဆရာ… နေရာလေးတစ်ခေါက်လောက် ပြန်ပြောပေးပါလားဆရာ.. ဖုန်းနံပါတ်ကိုတော့ ပေ့(စ်) (Facebook Page) ကနေ တွေ့လို့ ဆက်သွယ်လာတာပါဆရာ…. နောင်နန်း ၁၀ မိုင်လို့ပဲသိထားလို့ပါဆရာ”
”ဟုတ်ကဲ့ပါ… KTCS နောင်နန်းကျမ်းစာကျောင်းကနေ ဂျော်ဘွမ်ကိုသွားတဲ့လမ်း တည့်တည့်လာခဲ့လို့ရှိရင် ဘယ်ဘက်မှာ ဆိုင်းဘုတ်တစ်ခု ချထားပါတယ်ခင်ဗျ… အဲ့လမ်းကြားထဲဝင်သွားပြီး နောက်ထပ်ညာဘက် အကွေ့မှာပါ ခင်ဗျ…”
”ဟုတ်ကဲ့ဆရာ..ကျေးဇူးပါရှင့်… ကျွန်မတို့အခုပဲလာခဲ့ပါ့မယ် ဆရာ..”
မကြာမီအချိန်အတွင်းမှာပင် ဘိုးဘွားရိပ်သာရှေ့သို့ မွေးနေ့အလှူရှင်တို့ ကားဖြင့်ဆိုက်ရောက်လာကြသည်။ အလှူရှင်များ ရိပ်သာရှေ့ရောက်လျှင်ရောက်ချင်း ဆရာလရှီးခွန်ဂမ်မှ ဝမ်းပန်းတသာဆီးကြိုသည်။
”မင်္ဂလာပါ… ကြိုဆိုပါတယ်ခင်ဗျ… လာ အထဲကိုဝင်ရအောင်နော်..”
ဆရာ၏ ပြောဆိုဆက်ဆံပုံများသည် အလွန်ကျိုးနွံသည်၊ မာနကင်းမဲ့သည်၊ တပါးသူပေါ်ရိုသေသည်။ ယခုလို လာရောက်လှူဒါန်းမှုကြောင့် အလွန်အမင်း ဝမ်းသာရကြောင်း ဆရာခွန်ဂမ်၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။ ထို့နောက် ဆရာနှင့်ဆရာမအပြင် အလှူရှင်များပါဝိုင်းဝန်း၍ ကားပေါ်ပါလာသော အလှူပစ္စည်းများ၊ အစားအသောက်များ ချကြသည်။
အချိန်မှာ နံနက် ၁၀ နာရီခန့် ရှိပြီဖြစ်သော်လည်း ထိုနေ့တွင် မိုးအနည်းငယ်အုံ့ဆိုင်းနေ၍ ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ ဆောင်းဦးလေပြေများကလည်း တိုက်ခတ်နေသောကြောင့် အနွေးထည်ကိုယ်စီဖြင့် ကဗျာဆန်သော နေ့တစ်နေ့ကို ခံစားရရှိစေသည်။ အလှူရှင်များအဖို့မှာမူ ရိပ်သာရောက်သည်နှင့် မျက်စိတစ်ဆုံး မြင်မြင်သမျှလိုက်လံကြည့်ရှုလျက် ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရသည်။ ရိပ်သာရောက်နေသော အဖိုးအဖွားများအများစုသည် အမှန်တကယ် ခိုကိုးရာမဲ့နေခဲ့သူများဖြစ်သည့်အပြင် ကျန်းမာရေးအခြေအနေအရ လေဖြတ်ထားသူများ ဖြစ်သည်။
အလှူရှင်များအိမ်ထဲသို့ဝင်လာစဥ် အိမ်အပြင်ဘက်တွင် တဲအိမ်လေးနှစ်လုံး ထိုးထားသည်ကို မြင်တွေ့ရသည်။ အခန်းမလောက်သဖြင့် အဖိုးနှင့်အဖွားနှစ်ဦးအတွက် ဆောက်လုပ်ပေးထားရခြင်းဖြစ်ကြောင်း ဆရာပြောပြသည်။ အိမ်ရှေ့တံခါးပေါက်ဝဘေးနှစ်ဖက်တွင် ခုံတန်းရှည်များချထားသည်ကို မြင်တွေ့ရသည်။ ထိုခုံတန်းပေါ်တွင် အဖွားတို့ထိုင်နေပြီး နေပူဆာလှုံနေကြသည်။ အဖွားတို့၏ ဟန်ပန်အမူအရာများသည် စိုးရိမ်ပူပန်မှုမရှိဘဲ ကြည်လင်နေကြသည်။
အိမ်အတွင်းထဲသို့ ဝင်သွားသောအခါ ဧည့်တွေ့လက်ခံစကားပြောသော စားပွဲဝိုင်းဘေး၌ အဖိုးနှစ်ဦး ကိုယ်စီကုတင်ပေါ်လှဲလျောင်းနေကြသည်။ လူဦးရေ များလာသည်နှင့်အမျှ ခြံဝင်းကျဥ်းကျဥ်းလေးထဲတွင် နေရာထိုင်ခင်းများ မလုံလောက်တော့ကြောင်း အလှူရှင်များသိမြင်လာသည်။
ဆရာလရှီးခွန်ဂမ်မှ အလှူရှင်မိသားစုများတွက် မွေးနေ့ဆုတောင်းပေးသည်။ ထို့နောက် စကားစမြည်ပြောကြလေသည်။ ဆရာမလုရာမှာမူ လုပ်စရာရှိနေသဖြင့် စကားဝိုင်းထဲ မထိုင်အားတော့ပေ။
”ဆရာတို့ ဒီဂေဟာမှာ လူဦးရေဘယ်နှစ်ယောက်ရှိပြီလဲ ဆရာ”
“ဟုတ်ကဲ့ အခုလက်ရှိတော့ အဖိုးအဖွား ၁၀ ယောက်ရယ်၊ ကျွန်တော်ရယ်၊ ဆရာမရယ်၊ ပြီးတော့ စားဖိုချောင်နဲ့ လိုတာဝိုင်းကူပေးဖို့ အမတစ်ယောက်ရယ်ဆိုတော့ အားလုံးပေါင်း ၁၄ ယောက် ရှိနေပါပြီ”
”အော်….များလာပြီနော် ဆရာ…. ဒါနဲ့လေ ဒီရိပ်သာကိုကျ ဘယ်လို စတင်ဖြစ်ခဲ့တာလဲ သိချင်လို့လေ”
”အော်..ဟုတ်ကဲ့.. စတင်ခဲ့တာတော့လွန်ခဲ့တဲ့ မေလ (၁) ရက်နေ့ကပေါ့။ မကြာသေးဘူးလို့ ပြောလို့ရတယ်ပေါ့နော်… ဖြစ်ပေါ်လာပုံကတော့ ဒီလိုဗျ”
ဆရာလရှီးခွန်ဂမ် ခဏမျှငြိမ်သက်သွားသည်။
ထို့နောက် ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ပြီး အသက်ဝဝရှူကာ စကားပြန်ဆက်သည်။ ဆရာ့ဖို့ အတိတ်တွင် ရင်မောဖွယ်ကိစ္စများဖြစ်ခဲ့ဟန်တူသည်။
”ကျွန်တော် ဒီဖေးမ ဂေဟာကိုဖွင့်ချင်နေခဲ့တာ ကြာပါပြီ။ ပြောရရင် ကျွန်တော်တို့ဒေသ ကျွန်တော်တို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာက ဘိုးဘွားရိပ်သာဆိုတာ မရှိခဲ့ဖူးဘူးပေါ့နော်။ ကျွန်တော်အသင်းတော်မှာ ဆက်ကပ်နေရင်း ကျမ်းစာထဲမှာ ပြောခဲ့သလိုပဲ အငယ်ဆုံးတွေကို ကူညီချင်တယ်။ ပြုစုစောင့်ရှောက်ပေးချင်တယ်။ ဖေးမပေးချင်တယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာခံယူချင်တယ်။ ဒါက ကျွန်တော့် ဆန္ဒပေါ့နော်။”
ဆရာလရှီးခွန်ဂမ် ရေနွေးကြမ်းတစ်ငုံ ထပ်မော့ပြန်သည်။
“ကျွန်တော် ဒီဂေဟာကိုမစခင်မှာ မိတ်ဆွေတွေက လုပ်ပါ နောက်ကနေ ထောက်ပံ့ပေးမယ် ပြောခဲ့တော့ ကျွန်တော် အားတက်သွားတာပေါ့ဗျား။ ဒါပေမဲ့ တကယ်လည်း စလုပ်ခဲ့ချိန်မှာတော့ အကုန်ရှောင်သွားကြတယ်။ ဖုန်းခေါ်တာတောင် မကိုင်ကြတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကစလုပ်ခဲ့ပြီမို့ ဘာမှမရှိတဲ့အခက်အခဲကြားက မဖြစ်ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။”
မည်ကဲ့သို့ပင်ဖြစ်စေ ဤဂေဟာတည်ထောင်ခြင်းကို လက်ခံကြိုဆိုသည့်သူများ ရရှိလာပြီးနောက် ၎င်းတို့၏အကူအညီများဖြင့် ဆက်လက်ရပ်တည်လာနိုင်ခဲ့သည်။ ပြောရလျှင် ဆရာလရှီးခွန်ဂမ်သည် အသင်းတော်တွင် ဆက်ကပ်နေသော ဓမ္မဆရာတစ်ဦး ဖြစ်သည်။ ခိုကိုးရာမဲ့နေသော သက်ကြီးရွယ်အိုများအတွက် ဘိုးဘွားရိပ်သာတစ်ခု ထူထောင်လိုသည့် ၎င်း၏ဆန္ဒကို အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။
”ဘာပဲဖြစ်ဖြစ် ဒီအခြေအနေထိ ရောက်လာအောင် လမ်းပြပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်တယ်။ ကူညီပေးတဲ့ မိတ်ဆွေတွေကိုလည်း အရမ်းကျေးဇူးတင်တယ်”ဟု ပြောလျက် ဆရာလရှီးခွန်ဂမ်က အချိန်ရသေးလျှင် ဂေဟာအကြောင်း ပြောပြချင်သေးသည်ဟု ဆက်ပြောသည်။
အလှူရှင်များက ပို၍စိတ်ဝင်စားလာပြီး နားထောင်ဖို့ တက်ကြွနေကြသည်။
”ဟုတ်ကဲ့ဆရာ ပြောပြပါဦးရှင့်…”ဟု အလှူရှင်တစ်ဦးက စကားဆက်ရန် ထောက်ပေးသည်။
ဆရာလရှီးခွန်ဂမ်က နံရံထောင့်၌ထိုင်ကာ မိမိတို့စကားဝိုင်းဘက်ကို ငေးကြည့်နေသည့် အသက် ၂၀ နှစ်အရွယ်ခန့်လူငယ်နှင့် ၎င်း၏မိဘနှစ်ဦး ဂေဟာသို့ ရောက်ရှိလာသည့်အကြောင်းကို ပြန်ပြောင်း ပြောပြသည်။
”ဟုတ်ကဲ့… ဒီအိမ်ထဲကိုဝင်လာတော့ အကြောဆွဲနေတဲ့ ကောင်လေးတစ်ယောက်ကို သတိထား မိမယ် ထင်တယ်နော်… အဲဒီကောင်လေးရဲ့ အဖေနဲ့အမေလည်း ဒီမှာရှိတယ်။ မိသားစု ၃ ယောက်စလုံး ဒီဂေဟာမှာ နေကြတာ။ သူ့အဖေကတော့ ဘာမှမဖြစ်ဘူး။ လူကောင်းပါပဲ.. အရင်က ဓမ္မအမှုတော်ဆောင် (သင်းထောက်) ဟုတ်တယ်။ ကောင်လေးက မွေးကတည်းကဖျားတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းပြီး ခုလိုဖြစ်နေရတာ ဟုတ်တယ်။ သူ့အမေတော့ လေဖြတ်ထားတာ မကြာသေးဘူး။ သားသမီး ၆ ယောက်ထဲကနေ သူတစ်ယောက်ပဲကျန်တာ။ အဖေကအခုအသက် ၆၈ နှစ်ရှိပြီ အမှုတော်ဆောင် ကာလသက်တမ်းစေ့တာရယ်၊ ကလေးနဲ့ဇနီးသည်ရဲ့ အခြေအနေနဲ့ ဆိုတော့ သူတို့ရွာမှာ ရပ်တည်ဖို့ခက်ခဲလာတော့ အချိတ်အဆက်တွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဒီမြစ်ကြီးနားမြို့ကို ရောက်လာတယ်။”
၎င်းတို့မိသားစု သုံးဦး ဆရာလရှီးခွန်ဂမ်ထံ ရောက်ရှိခဲ့ချိန်တွင် ဘိုးဘွားရိပ်သာဖွင့်ရန် ပြင်ဆင်နေသည့်အချိန်ပဲ ရှိသေးသည်ဟု ဆိုသည်။
”အော်…’ အလှူရှင်များက ပြိုင်တူအသံထွက်သွားကြသည်။
ထို့နောက် ဆရာလရှီးခွန်ဂမ်က အဆိုပါလူငယ်၏ ဖခင်ကိုလှမ်းခေါ်လိုက်သည်။ သားနှင့်ဇနီး၏ အဝတ်များကို လျှော်ဖွတ်ပေးရာမှ စကားဝိုင်းသို့ ဖခင်ဖြစ်သူရောက်လာသည်။ လူငယ်လေး၏ဖခင်မှာ ဦးအင်ဘွဲ့လရိန် ဖြစ်သည်။ ဦးလရိန်ရောက်လာသောအခါ မိတ်ဆက်ကြပြီး ၎င်း၏ဒိုင်ယာရီစာအုပ်က မှတ်တမ်းများကို အသေးစိတ်ရှင်းပြသည်။
၎င်းတို့မိသားစုသည် ကချင်ပြည်နယ်၏ ဝေးလံခေါင်ဖျားသော ရှထိခရန်ဒေသမှ မြစ်ကြီးနားသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်ကြောင်း သင်းထောက်အမှုတော်ဆောင် လုပ်ခဲ့သည့် ဦးလရိန်က ပြောသည်။ သားသမီး ၆ ဦးထဲမှ သားအလတ်သာ အသက်ရှင်လျက်ရှိသော်လည်း မွေးကင်းစ အရွယ်ကတည်းက အကြောဆွဲရောဂါခံစားနေရသည်။ ၂၀၁၉ ခုနှစ်တွင် ဇနီးဖြစ်သူလည်း အမှတ်မထင် လေဖြတ်ရောဂါခံစားရသည်ဟု ဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် ၎င်းတို့၏ ရပ်ရွာတွင်နေထိုင်ရပ်တည်ရန် ခက်ခဲလာ၍ ခိုလှုံရန်နေရာ ရှာဖွေလာခဲ့ရာ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး ဆရာလရှီးခွန်ဂမ်နှင့် ဆုံခဲ့ရသည်ဟု ဆိုသည်။
ထိုအချိန်တွင် ဆရာလရှီးခွန်ဂမ်သည် ဘိုးဘွားရိပ်သာထူထောင်ရန်အတွက် ပြင်ဆင်နေဆဲဖြစ်သည်။ အထောက်အပံ့ကောင်း မရရှိသေးသောကြောင့် စိတ်သွားသော်လည်း ကိုယ်မပါနိုင်သေးသည့် ကာလဖြစ်သည်။ သို့သော်လည်း ခိုလှုံလိုကြောင်း ဦးလရိန်မှ တောင်းဆိုလာသောအခါ ဆရာလရှီးခွန်ဂမ် လိုက်လျောခဲ့ရသည်။ လက်ရှိဘိုးဘွားရိပ်သာလည်း ဦးလရိန်တို့မိသားစုကို ခိုလှုံရန်လက်ခံကာ လူဦးရေး ၄ ဦးဖြင့် စတင်ခဲ့ကြသည်ဟု ဆိုသည်။
အစောပိုင်းတွင် ဦးလရိန်က စားဖိုဆောင်နှင့်ဝေယျာဝိစ္စများကို တာဝန်ယူဆောင်ရွက်ပေး ခဲ့သည်။ ထို့နောက်ဇွန်လတွင် ဆရာလရှီးခွန်ဂမ်၏ ဆွေမျိုးဖြစ်သူ ဆရာမလုရာ ရောက်ရှိလာပြီးနောက် ဆရာမကို မီးဖိုချောင်တာဝန်လွှဲပေးခဲ့သည်။ နောက်ပိုင်း လူဦးရေ တစ်စတစ်စများလာရာမှ ယနေ့ အခြေအနေထိ ရောက်ရှိလာကြောင်း ဦးလရိန်က ရှင်းပြသည်။
ဦးလရိန်၏စကားအဆုံးတွင် အားလုံးခေတ္တငြိမ်သက်သွားကြသည်။ ထိုစဥ် နေ့လယ်စာစားဖို့ရန် စားဖိုချောင်မှ အမတစ်ယောက် ခေါင်းလောင်းသံဖြင့် လှမ်းခေါ်လိုက်မှ အချိန်ကိုကြည့်လိုက်တော့ နေ့ ၁ နာရီခန့် ရှိနေပြီဖြစ်သည်။
ဆရာလရှီးခွန်ဂမ်က အလှူရှင်ဧည့်သည်များကို ရောက်တုန်းရောက်ခိုက် နေ့လယ်စာ စားသွားကြရန် ဖိတ်ခေါ်သည်။ ပဲဟင်းရည်၊ ရွှေဖရုံသီးချက်၊ ငါးကလေးချက်နှင့် ထမင်းပူပူနွေးနွေးဖြင့် ထမင်းဝိုင်းမြိန်လှသည်။ နေ့လယ်စာစားပြီးနောက် အလှူရှင်များနှင့် ဆရာဆရာမများ အဖိုးအဖွားများ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အချင်းချင်း နှုတ်ဆက်ကာ အလှူရှင်များကားဖြင့် ရိပ်သာမှ ပြန်လည်ထွက်ခွာသွားကြသည်။
မွန်းလွဲပိုင်းရောက်လာသောအခါ နေရောင်များပွင့်လာသည်။ လေပြေညှင်းများ၏ တိုးဝေ့တိုက်ခတ်မှုကြောင့် ခြံဝန်းထဲပေါက်နေသည့် ကျွန်းပင်များမှ သစ်ရွက်ခြောက်များ ကြွေကျပြန့်ကြဲနေသည်။ ထိုစဥ် စားဖိုချောင်မှ အမတစ်ယောက် ညနေစာဟင်းချက်ရန် အိမ်ရှေ့စိုက်ခင်းသေးသေးလေးတွင် စိုက်ပျိုးထားသော ချဥ်ပေါင်ရွက်များကို ခူးဆွတ်နေသည်။ ခြံဝင်းကျဥ်းသော်လည်း အဝင်ဝဘေးနှစ်ဖက်လုံးတွင် ပန်းများစိုက်ပျိုးထားပြီး ဝေဝေဆာဆာပွင့်လန်းနေသည်။ အိမ်၏အရှေ့မျက်နှာစာတွင်လည်း သီးနှံပင်များစိုက်ပျိုးထားသော စိုက်ခင်းလေးတစ်ခုကို တွေ့ရသည်။
ဆရာမလုရာလည်း ၎င်း၏ တာဝန်များကို ဆက်လက်လုပ်ဆောင်နေသည်။
”အဖိုးရေ လာလာ ဆံပင်ညှပ်ရအောင်…”
ဆံပင်ရှည်နေပြီဖြစ်သော အဖိုးလထော်ဂမ်ကို ဆရာမလုရာကိုယ်တိုင် ဆံပင်ညှပ်ပေးလိုက်သည်။ ဆံပင်ညှပ်ပြီး၍ နာရီကြည့်လိုက်တော့ မွန်းလွဲ ၃ နာရီထိုးတော့မည်။ တူလေးကိုကျောင်းသွားကြိုရန် အချိန်ပြန်ရောက်လာသည်။
ဆရာလရှီးခွန်ဂမ်က အဖွားဒေါ်ခေါင်ညွယ်ကို ရက်ချိန်းရောက်လာ၍ ဆေးရုံသွားပြရန် ပြင်နေသည်။ ဤဘိုးဘွားရိပ်သာတွင် ခိုလှုံနေကြသော အဘိုးအဘွားများအများစုမှာ လေဖြတ်ထားသူများ၊ နာမကျန်းသူများ ဖြစ်ကြသည်ကို တွေ့ရသည်။ အချို့ကို ဆေးရုံ၌ရက်ချိန်းယူ၍ ပြသပေးသည်။ အချို့မှာ လေဖြတ်ပြီးနောက် မလှုပ်ရှားနိုင်သဖြင့် ဂေဟာ၌သာ ပြုစုကုသပေးနေရသည်။ အဘိုးအဖွားများကို ပြုစုရသည်မှာ လွယ်သည့်အလုပ်တော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤဘိုးဘွားရိပ်သာတွင် ခိုလှုံနေကြသော အဘိုးအဘွားများ စိတ်သက်သာရာရနေသည်ကို တွေ့ရသည်။ ပြုစုစောင့်ရှောက်သူမရှိခဲ့သော၊ ခိုးကိုးရာမဲ့နေခဲ့သော၊ နာမကျန်းဖြစ်၍ အခက်အခဲဖြစ်နေခဲ့ကြသော ၎င်းတို့အဖို့ ယခု ဂေဟာလေးသည် သုခဘုံတစ်ခုအလား ဖြစ်နေသည်။