စစ်အုပ်ချုပ်ရေးအောက်က မူးယစ်ဆေးဝါးေပါများလာသော အင်းတော်မြို့
By ရောင်နီ။
ဆောင်းပါး – 23 November 2023 – Kachinwaves
လူအသွားလာကျဲသည့် လမ်းကြားလေးထိပ်၌ အင်္ကျီအဖြူအကွက်ကို ဝတ်ဆင်ထားသည့် အသက် ၄၀ နှစ်ကျော်အရွယ် ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် လက်ပြကာ လာသမျှ လူများကို ချုံနွယ်ထူထပ်သော လမ်းလေးထဲဝင်ရန် ညွှန်ပြနေသည်။ ဝါးပင်၊ ဂျာမနီနွယ်ပင်များနှင့် အုပ်လှည်းသီးပင်များ အုပ်မိုးထားပြီး အရိပ်ကောင်းသည့် နေရာလေးတွင် ခမောက်ဆောင်းထားသော လူလတ်ပိုင်းအရွယ်တစ်ယောက်က နေရာလေးချပေး နေပါသည်။ ၎င်းနေရာအနီးတစ်ဝိုက်တွင် လူနှစ်ယောက် သုံးယောက်လောက်က ကင်းစောင့်နေသည်။ ၎င်းမြင်ကွင်းမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ထဲမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည့် စားကျက်နေရာတစ်ခု၏ မြင်ကွင်း ဖြစ်ပါသည်။
အင်းတော်မြို့နယ်တွင် အာဏာမသိမ်းမီကာလက မူးယစ်ဆေးဝါးဖမ်းဆီးမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံမတည်ငြိမ်မှုနှင့် နှစ်ဖက်ပဋိပက္ခများကြောင့် ရောင်းသူဝယ်သူနှင့် သုံးစွဲသူများကို ဖမ်းဆီးနိုင်ခြင်း မရှိတော့သည့်အတွက် မူးယစ်ဆေးဝါးများ တဖန်ပေါများလာခဲ့သည်။
အင်းတော်မြို့နယ်တွင် ဖိုး (ဘိန်းဖြူ) ရာမနှင့် ဘိန်းစသည်တို့ကို အဓိက သုံးစွဲကြသည်။ ၎င်းမူးယစ်ဆေးဝါးများကို ၅ ရာကျပ်ဖိုးနှင့် ၁ ထောင်ဖိုးမှစတင်ပြီး နေရာမရွေး ဝယ်ယူသုံးစွဲနိုင်သည့်အတွက် အင်းတော်မြို့နယ်ရှိ လူကြီး၊ လူငယ်မရွေး မူးယစ်ဆေးစွဲသူများနေကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
ဘယ်နေရာမှာ သုံးစွဲနေကြလဲ
လူအရောက်အပေါက်နည်းသည့် သင်္ချိုင်းကုန်းလို နေရာမျိုးနှင့် ချုံထူထပ်သည့်နေရာ၊ သံလမ်းကြို၊ သံလမ်းကြားများတွင် တဲများထိုးကာ သုံးစွဲနေကြသည်။
အင်းတော်မြို့နှင့် နန်းကင်ရွာကြားရှိ သံလမ်းများတွင် မိုးကာတဲများထိုးကာ မူးယစ်ဆေးဝါးများ သုံးစွဲနေကြပြီး မြို့အနီးတဝိုက်ရှိ နားခါ၊ လယ်ပြင်၊ သီဘာ၊ နားနောင်၊ ကျော်ရွာ၊ မိုးယူ၊ ပေပင်၊ နတ်မဟုတ်ကြီး၊ ကမ်းနီ စသည့် ရွာပေါင်းစုံမှ သုံးစွဲလာကြကြောင်း သိရသည်။ သုံးစွဲလာသူများထဲတွင် လူလတ်ပိုင်းအရွယ်မှာ အများဆုံးဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင် လူငယ်များလည်းပါဝင်ကာ အမျိုးသမီးများလည်း တွေ့ရကြောင်း နန်းကင်ရွာသား လူငယ်တစ်ဦးထံမှ သိရသည်။
“မူးယစ်ဆေးရောင်းသူ၊ ဝယ်သူတွေနဲ့ စည်ကားနေတာ ပွဲအတိုင်းပါ့။ ဆေးလာသုံးတဲ့ဆိုင်ကယ်တွေ တနေ့တနေ့ ရွာထဲ ဖြတ်သွား၊ ဖြတ်လာလုပ်တာ အစီးရေရာချီရှိတယ်။ အဲ့နားက အခင်းစိုက်တဲ့သူတွေဆို ခဏခဏအခိုးခံရလို့ မစိုက်ရဲကြတော့ဘူး။”ဟု ၎င်းမှ ဆိုသည်။
အလားတူပင် အင်းတော်မြို့နယ် နဘားရွာတွင်လည်း ဖမ်းဆီးနှိမ်နင်းခြင်း မရှိတော့သည့်အတွက် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများ ပိုများလာပြီး ဆေးအလိုင်းကြီး အရောင်းအဝယ်လုပ်နေသူမှာ စစ်ကောင်စီကို လာပ်ထိုးပြီး မူးယစ်ဆေးများ ဖြန့်ဖြူးရောင်းချနေကြောင်း နဘားဒေသခံများထံမှ သိရသည်။
“ကျွန်မတို့ရွာမှာက အရွယ်ရောက်ပြီးသား ယောက်ျားလေးတွေ တော်တော်များများ ဆေးစွဲနေကြတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာဆို လူငယ်တွေတော်တော်များများ ဆေးထိုးအပ်ကိုယ်စီနဲ့ ဆေးသုံးနေကြတယ်။ အဲ့ထဲမှာ ကျွန်မသားလည်းပါတယ်။”ဟု နဘားရွာခံ အမျိုးသမီးတစ်ဦးမှ ဝမ်းနည်းစွာ ပြောပြသည်။
နဘားရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသွားသည့်သူ ၄ ဦးထိရှိလာပြီး ၎င်းထဲတွင် အသက်မပြည့်သေးသည့် လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း နဘားဒေသခံတစ်ဦးထံမှ သိရသည်။
“အဲ့ကောင်လေးက ၁၅ နှစ်ပဲရှိသေးတယ် သူ့အမေက ဆေးရောင်းတာနဲ့ သူ့သားကို ဆေးတွေ လိုက်လိုက်ပို့ခိုင်းတာ အဲ့တာနဲ့ သူ့သားပါ ဆေးစွဲပြီး ကြာတော့ ဆုံးသွားတော့တာ”ဟု ၎င်းမှဆိုသည်။
အင်းတော်မြို့နယ်ရှိ မော်လူးဒေသတွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုများ အလွန်များပြားလျှက်ရှိကြောင်း သိရသည်။
မော်လူးဒေသတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖမ်းဆီးမှုများ မရှိလာတော့သည့်အတွက် မူးယစ်ဆေးသုံးစွဲသူများ လျှင်မြန်စွာပျံ့နှံ့လာပြီး ဒုစရိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်လျှက်ရှိကြောင်း မော်လူးဒေသခံများက ဆိုသည်။
“သုံးစွဲသူတွေက သင်္ချိုင်းကုန်းတို့၊ လူပြတ်တဲ့နေရာတို့မှာ အသုံးများကြတယ်။ ဆေးရောင်းတဲ့သူတွေကလည်း ဘေးလွယ်အိတ်ကလေးလွယ်ပြီး ထိုးမဲ့သူရှိမဲ့ နေရာတွေထိ သွားရောင်းကြတယ်။”ဟု မော်လူးဒေသ ပေကုန်းရွာခံ လူငယ်တစ်ဦးမှ ပြောသည်။
မော်လူးဒေသအတွင်းရှိ လေးတန်ချောင်းရိုးတလျှောက် ကျေးရွာများနှင့် အနောက်ဘက် နမီးချောင်းရိုးတလျှောက် ကျေးရွာများတွင်လည်း မူးယစ်ဆေးဝါးများ ပိုမိုပြန့်နှံ့လာပြီး သုံးစွဲနေသူဦးရေ ပိုများလာကြောင်း သိရသည်။
မဲဇာဒေသ၊ မန်လည်ဒေသနှင့် မော်တိတ်ဒေသများတွင်လည်း အလားတူပင် မူးယစ်ဆေးဝါးများ အလွန်ပေါများနေပြီး လူကြီး၊ လူငယ်မရွေး မူးယစ်ဆေးစွဲနေကြကြောင်း ဒေသခံများထံမှ သိရသည်။
“မဲဇာဒေသမှာက ပေါတော့ပေါတယ်။ အင်းတော်မြို့နဲ့ မြို့နားပတ်ခြာလယ်လောက်တော့ ပေါ်တင်သုံးစွဲနေတာတွေ ရောင်းနေတာတွေ မရှိဘူး။ ဘာလို့လဲဆို မဲဇာမှာရှိတဲ့ လက်နက်ကိုင်တချို့က မူးယစ်ဆေးဖမ်းတာတွေ မကြာခဏဆိုသလို လုပ်ဆောင်နေကြတယ်။”ဟု တော်လှန်ရေးလုပ်နေသည့် အင်းတော်နယ်ခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။
အင်းတော်မြို့နယ်တွင် ယခုလက်ရှိ မူးယစ်ဆေးဝါး အပေါများဆုံးတွေ့ရသည့် နေရာများမှာ နန့်စီးအောင်ဂိတ်နှင့် အနီးဆုံးဖြစ်သည့် အင်းတော်နယ်နှင့် ကချင်နယ်အစပ်ရှိ ပေကုန်းရွာနှင့် နန့်စီးအောင်ရွာ၊ စစ်ကောင်စီ နယ်မြေစိုးမိုးမှုရှိသည့် နဘားရွာ၊ မြို့နှင့် တစ်မိုင်ပတ်ခြာလည် ကျေးရွာများမှာ သုံးစွဲမှုနှင့် ရောင်းဝယ်မှု အများဆုံးတွေ့ရသည်။
အင်းတော်မြို့နယ်မှ ပြည်သူများသည် စိုက်ပျိုးရေးအပြင် သစ်လုပ်ငန်း၊ ရွှေလုပ်ငန်း၊ ကျောက်တွင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၎င်းလုပ်ငန်းများသည် အားစိုက်သုံးပြီး လုပ်ရသည့်အလုပ်ဖြစ်သည့်အတွက် အပင်ပန်းခံနိုင်စေရန် မူးယစ်ဆေးသုံးကာ လုပ်ကိုင်ကြသည့်အပြင် တချို့လုပ်ငန်းရှင်များကလည်း လုပ်သားများအား မူးယစ်ဆေးသုံးစွဲစေကာ ခိုင်းစေသည့်အတွက် ၎င်းနေရာသည်လည်း မူးယစ်ရာဇာတို့၏ ပစ်မှတ်ထားရာ နေရာတစ်ခုလည်း ဖြစ်နေခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး ဘယ်ကလာ
အင်းတော်မြို့နယ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်တွင် တည်ရှိပြီး ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ ထီးချိုင့်၊ ကောလင်း စသည့် မြို့နယ်များနှင့် ထိစပ်နေသည့်အပြင် ကချင်ပြည်နယ်နှင့်လည်း ထိစပ်နေသောတစ်မြို့ဖြစ်သည်။
အင်းတော်မြို့နယ်တွင် ပြန့်နှံ့နေသော မူးယစ်ဆေးဝါးများမှာ ဗန်းမောက်မြို့နယ် ကနန်းနယ်မှ အဓိကဖြန့်နေပြီး ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့် စသည့်နေရာများကိုလည်း ဖြန့်ဖြူးနေကြောင်း မူးယစ်ဆေးသုံးစွဲနေသည့် အသက် ၆၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးထံမှ သိရသည်။
“ပင်လည်ဘူးမှာ ပျံ့တယ်ဆိုတာလည်း ကနန်းနယ်ကပဲဖြန့်တာ အကုန်လုံး ကနန်းနယ်ကပဲဖြန့်တာ အဲ့ကနန်းနယ်ကနေ တာမခံကိုသယ်တယ်။ တာမခံကနေ ဆယ်ဇင်းဘက်ပြန်သယ်ပြီး အဲ့ကနေ နမ္မချီမော်ကို ပြန်ထွက်ခဲ့ပြီလေ”ဟု ၎င်းမှ ဆိုသည်။
နမ္မချီမော်ရှိ ဈေးဆိုင်တချို့တွင် ဖိုး၊ ဘိန်းနှင့် ရာမများကို ပေပါလိုက်ရောင်းချနေသော်လည်း ဖမ်းဆီးခြင်းမရှိကြောင်း နမ္မချီမော်မှ မူးယစ်ဆေးသုံးစွဲနေသည့် ကျောက်တူးသမား အမျိုးသားတစ်ဦးထံမှ သိရသည်။
ယခုလက်ရှိ မူးယစ်ဆေးပေါများစွာ တွေ့ရှိရသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများမှာ စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး(Martial law ) ကြေညာထားသည့် မြို့နယ်များဖြစ်သည်။
စစ်ကောင်စီနှင့် KIA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များကလည်း ထိထိရောက်ရောက်ဖမ်းဆီး အရေးယူမှု မရှိကြောင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦးက ပြောသည်။
နမ္မချီချောင်းဖျားရှိမှော်တွင် ကျော်စ်မ်းကုမ္မဏီတစ်ခုက ကုမ္မဏီဗန်းပြကာ ရာမများ ထုတ်လုပ်နေကြောင်းလည်း ၎င်းအမျိုးသားမှ ဆက်ပြောသည်။
“စက်ကလည်း သေးသေးလည်း ကုမ္မဏီကကားနဲ့ ကုန်ကြမ်းတွေ တိုက်ပြီးထုတ်နေတာ ဘယ်သူကစစ်မှာလဲ ကုမ္မဏီကကားဆိုတော့ သူတို့က အခွန်ဆောင်ထားတာလေ ဆေးမှာ ရေခဲသားယူမလား၊ ပူရှိန်းယူမလား ကြိုက်တာပြောစမ်းတဲ့ ပူရှိန်းကကောင်းတော့ ကောင်းကောင်းနဲ့ရှူတာ နှစ်ရက်လောက်ဟာမောင်ရေ တစ်ရေးမှ မအိပ်လိုက်ရဘူး။”ဟု ၎င်းမှဆိုသည်။
နမ္မချီမော်မှတစ်ဆင့် နန့်စီးအောင်သို့သယ်ကာ နန့်စီးအောင်မှ မော်လူးဒေသတစ်ခွင်နှင့် အင်းတော်၊ မော်တိတ်၊ မန်လည်၊ မဲဇာ စသည့် ဒေသများသို့လည်း ဖြန့်ဖြူးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အာဏာမသိမ်းမှီအချိန်ကတွင် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်မြောက်ပိုင်းဘက်မှ စစ်ကိုင်းတိုင်းဘက်သို့ ဖြန့်ဖြူးနေပြီး၊ ယခုအချိန်တွင်မူ စစ်ကိုင်းတိုင်းအတွင်းရှိ နာဂတောင်တန်းဘက်မှ ဗန်းမောက် ကနန်းနယ်သို့ သယ်ကာ ကနန်းနယ်မှတဆင့် စစ်ကိုင်းတိုင်း အထက်ပိုင်းအပြင် ရှမ်းမြောက်ဘက်သို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ တဖန်ပေါများလာသော်လည်း ထိရောက်စွာ အရေးယူမည့်သူ မရှိသည့်အတွက် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲနေကြသည်။